Sunday, June 11, 2023
Homeမြန်မာသတင်းဒိုက်ဦး ဆရာ/ဆရာမများနှင့် ဆည်​မြောင်းဝန်ထမ်း​များ ဖဲကြိုးနီလှုပ်ရှားမှုပြုလုပ်

ဒိုက်ဦး ဆရာ/ဆရာမများနှင့် ဆည်​မြောင်းဝန်ထမ်း​များ ဖဲကြိုးနီလှုပ်ရှားမှုပြုလုပ်

ပဲခူးတိုင်းဒေသ​ကြီး၊ ဒိုက်ဦး​မြို့နယ်မှာ ဆရာ/ဆရာမတွေ အပါအဝင်  လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဦးစီးဌာနက  ဝန်ထမ်း​တွေဟာ စစ်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့  ဖဲ​ကြိုးနီလှုပ်ရှားမှုကို ဒီနေ့ညနေ ပြုလုပ်ခဲ့ကြပါတယ်။

ဒိုက်ဦး​မြို့နယ်အတွင်းက ပညာ​ရေးဝန်ထမ်း​တွေနဲ့ ဆရာဆရာမတွေက “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ယုံ​ကြည်စွာ ရွေးချယ်ထားသော ​ပြည်သူ့အစိုးရလက်အောက်တွင်သာ တာဝန်ထမ်းဆောင်လိုပါသည်” စာသာပါဗီနိုင်း​တွေနဲ့ ကမ္ဘာမကြေဘူးသီချင်း သီဆိုကြကာ ဖဲ ကြိုးနီလှုပ်ရှားမှု ​ပြုလုပ်ခဲ့​ကြတာ​ပါ။

ဆန္ဒ​ပြရာမှာ ပါဝင်တဲ့ ကျောင်းဆရာတဦးက “ကျနော်တို့ အခုဖဲ​ကြိုးနီလှုပ်ရှားမှုက စစ်အာဏာသိမ်းတာကို ကန့်ကွက်တာပါ။ ကျနော်ကိုယ်တိုင်​ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရလက်​အောက်မှာပဲ တာဝန်ထမ်းဆောင်လို​ကြောင်း ထုတ်ဖော်တာ​ဖြစ်သလို ပြည်သူတွေနဲ့အတူရပ်တည်​​ကြောင်း တခြားဌာနတွေ ပြုလုပ်နေတဲ့ Civil Disobedience Movement ကို ထောက်ခံ​​ကြောင်း ပြသရာလည်းဖြစ်တယ်” လို့ ပြောပါတယ်။

တချိန်တည်းမှာ ဒိုက်ဦးမြို့နယ်လယ်ယာစိုက်ပျိုး​ရေးနဲ့ ဆည်​မြောင်းဦးစီးဌာနက ဆည်​မြောင်းဦးစီးမှူး အပါအဝင် ဝန်ထမ်းတွေကလည်း ဆည်​မြောင်းရုံးမှာ ဖဲကြိုးနီ လှုပ်ရှားမှု​နဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ထောက်ခံကြောင်း၊ ပြည်သူတွေနဲ့ အတူရပ်တည်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဦးစီးမှူး ဦးဟန်ကိုလတ်က “ဖဲကြိုးနီလှုပ်ရှားမှုမှာ အောက်ခြေဝန်ထမ်းတွေကို ပါဝင်ပါလို့ မတိုက်တွန်းထားပါဘူး။ သူတို့အသိစိတ်နဲ့ သူတို့စုပေါင်းပါဝင်လာတာ” လို့ ပြောပါတယ်၊

ဒိုက်ဦးမြို့မှာ ဖဲကြိုးနီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်​တွေ၊ တပ်မတော်သားတွေက တားမြစ်တာမျိုးတွေ မရှိခဲ့ပေမယ် အရပ်ဝတ်တွေနဲ့ ဓာတ်ပုံလာရိုက်တာမျိုးတော့ ရှိတယ်လို့ သိရပါတယ်။

သတင်း၊ဓါတ်ပုံ

နေလင်းထိုက်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular