Live
Home
မြန်မာသတင်း
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့စည်း၊ သမ္မတဦးဝင်းမြင့် ခေါင်းဆောင်သော အစိုးရသာလျှင် တရားဝင်အစိုးရဖြစ်ကြောင်း ကမ္ဘာကိုကြေညာ
DVB
·
February 5, 2021

သမ္မတဦးဝင်းမြင့် ခေါင်းဆောင်သော အစိုးရသာလျှင် တရားဝင်အစိုးရဖြစ်ကြောင်းနဲ့ အာဏာသိမ်း စစ်အစိုးရဟာ တရားမဝင်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ကမ္ဘာကို ကြေညာလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကျော် ဒီကနေ့  ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အွန်လိုင်းကနေ Zoom အပလီကေးရှင်းနဲ့ အစည်းအဝေးခေါ်ယူပြီး  ကျင်းပကာ  ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ကိုယ်စားလှယ်တွေအားလုံးက ကျမ်းသစ္စာကျိန်ဆို  ကတိသစ္စာပြုခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတကာပါလီမန်တွေအနေနဲ့ ဒီကော်မတီကို တရားဝင် ဆက်သွယ်ဖို့ ပန်ကြားတဲ့ကြေညာချက်ကိုလည်းထုတ်ပြန်ခဲ့တယ်လို့  ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ပြောပါတယ်။

“ဒီသဘောထားရဲ့ အဓိက ထုတ်ပြန်ချက်မှာဆိုလို့ရှိရင် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျနော်တို့ဟာ အနိုင်ရထားတဲ့ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တယ် ဆိုတာကို ဖော်ပြထားပါတယ်။ နောက်တချက်က ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ အာဏာအသိမ်းခံရတဲ့အတွက်ကြောင့် ကျနော်တို့ လွှတ်တော်အစည်းအဝေးတွေ မကျင်းပနိုင်ခဲ့ဘူး။ ဒါပေမဲ့ စည်ပင်ဝင်းထဲမှာ လွှတ်တော်ခေါ်ခဲ့တယ်ဆိုတာကို ကျနော်တို့ ဖော်ပြခဲ့ပါတယ်။ ကျနော်တို့ လွှတ်တော်ရဲ့တာဝန်သည် အစိုးရအဖွဲ့ကိုရွေးချယ်ခြင်းနဲ့ အစိုးရအဖွဲ့ကို အတည်ပြုပေးဖို့ တာဝန်ရှိပါတယ်။ အဲ့အတွက်ကြောင့် ကျနော်တို့ဟာ လွှတ်တော်ရဲ့လုပ်ငန်းတာဝန်တွေကို တာဝန်ရှိကြောင်းဖော်ပြတယ်။ နောက်တချက်က အခုအာဏာသိမ်းအစိုးရကဖွဲ့စည်းထားတဲ့ ဘယ်အဖွဲ့အစည်းဘယ်ဝန်ကြီးဌာနကိုမှ အသိအမှတ်ပြုမှာမဟုတ်ကြောင်းကို ကျနော်တို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။ နောက်တခုက အာဏာသိမ်းမှုဟာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင်မှုကိုဖျက်သိမ်းနိုင်မှာမဟုတ်ဘူးလို့ ဖော်ပြထား ပါတယ်။”

အဖွဲ့ဝင် ၁၅ ဦးပါ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကိုယ်စားပြုကော်မတီမှာ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်ဖြူဖြူသင်း၊ ဒေါ်ဇင်မာအောင်၊  ဦးရည်မွန်၊ ဦးထွန်းမြင့်၊ ဦးနိုင်ထူးအောင်၊ ကိုလွင်ကိုလတ် စသူတွေပါဝင်ပါတယ်။ 

ကော်မတီရဲ့ အဓိကလုပ်ငန်းတာဝန်ကတော့ လွှတ်တော်မကျင်းပနိုင်ခဲ့တဲ့အတွက်ကြောင့် လွှတ်တော်ရဲ့လုပ်ငန်းရဲ့ အဓိကတာဝန်ဖြစ်တဲ့အစိုးရဖွဲ့ဖို့နဲ့ အစိုးရကိုအတည်ပြုဖို့ တာဝန်ရှိတယ်ဆိုတာကို ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီကော်မတီနဲ့ ဒီကိုယ်စားလှယ်တွေဟာ စစ်အာဏာသိမ်းခံရပေမယ့်  တရားဝင်မှုကိုဖျက်သိမ်းနိုင်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ ကော်မတီမှာ ပူးပေါင်းပါဝင်ဖို့ ရွေးကောက်ပွဲအနိုင်ရ တခြားတိုင်းရင်းသားပါတီတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေဟာ  မနေ့ကလည်း သူတို့နေထိုင်တဲ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာပဲ လွှတ်တော်ခေါ်ယူကာ ကတိသစ္စာပြုလွှာမှာ လက်မှတ်ရေးထိုး ကျမ်းကျိန်ခဲ့ကြပါတယ်။

ရွေးကောက်ခံ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို မြန်မာ ပြည်သူလူထုက ၂၀၂၀ ရွေးကောက်ပွဲမှာ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းထားပြီးဖြစ်ပါတယ်။ 

၁၉၉၀ ရွေးကောက်ပွဲအပြီးမှာလည်း စစ်အစိုးရက အာဏာမလွှဲပေးတဲ့အတွက် အန်အယ်လ်ဒီအပါအဝင် ရွေးကောက်ပွဲနိုင်ရ တိုင်းရင်းသားတီတွေပူးပေါင်းပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ( CRPP) ကို  ဖွဲ့စည်းဆောင်ရွက်ခဲ့ဖူးပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024