ပြည်သူလူထုဘ၀ တိုးတက်မှုမရှိသေးဟု ဒေါ်စုပြော

ပြည်သူလူထုဘ၀ တိုးတက်မှုမရှိသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံးချုပ်ခန်းမမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းခဲ့တဲ့ ၂၅ နှစ်ပြည့် ငွေရတု အခမ်းအနားမှာ ပြောလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်က “ကျမတို့ရဲ့ ပြည်သူလူထု ဘ၀ဟာ တိုးတက်မှုရှိလားလို့ သုံးသပ်တဲ့အခါကြရင်လည်း တကယ်တော့ တိုးတက်မှု မရှိသေးဘူးလို့ ကျမတို့ ဒီလိုပဲ ၀န်ခံရမှာပါ။ တိုးတက်မှု မရှိသေးတာဟာ အားလုံးနဲ့ ဆိုင်ပါတယ်။ ကျမတို့ အဖွဲ့ချုပ်နဲ့လည်းဆိုင်တယ်၊ ပြည်သူတွေနဲ့လည်း ဆိုင်တယ်။ အထူးသဖြင့် အစိုးရနဲ့ ဆိုင်တယ်။ အစိုးရတခု လုပ်နေပြီဆိုမှဖြင့် တိုင်းပြည် တိုးတက်ရေးအတွက် တာဝန်ယူရမှာပါ။ ပြည်သူလူထုရဲ့ ချမ်းသာမှုအတွက် တိုင်းပြည် အေးချမ်းမှုအတွက် တာဝန်ယူမှာ ဒီမိုကရေစီ အစိုးရတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ တာဝန် မယူနိုင်လို့ရှိရင် နောက်ရွေးကောက်ပွဲမှာ ပြည်သူလူထုကနေပြီး ဒီအစိုးရကို ပယ်ချပိုင်ခွင့် ရှိပါတယ်။ ဒါက ဒီမိုကရေစီရဲ့ အခွင့်အရေးပါပဲ” လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဖွဲ့စည်းခဲ့ဟာ ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် စာစောင်ကိုလည်း ထုတ်ဝေခဲ့ပါတယ်။ အထိမ်းအမှတ်စာစောင်မှာ အန်အယ်လ်ဒီ ရဲ့ သဘာပတိ အဖွဲ့ဝင် တဦးဖြစ်တဲ့ ဟံသာဝတီဦးဝင်းတင်က အန်အယ်လ်ဒီရဲ့ ၂၅ နှစ်တာ ဖြတ်သန်းမှုကို အခုလို ပြောဆိုထားပါတယ်။ "ဒီချုပ်ရဲ့ မောကြီးပမ်းကြီး ဒီမိုကရေစီခရီးကြမ်း ငွေရတုစခန်းတထောက် ဘယ်ရောက်လာပါလိမ့်။ ဘယ်မှမရောက်ပါ။ တံလျှပ်ရဲ့ ရွှေရည်စိမ်နဲ့ မာယာဘုံအနမ်းရဲ့ စခန်းတထောက်သာ ရောက်နေတာပါလား။ ဘယ်ပဲရောက်ရောက်။ သေချာရေရာတာကတော့ ဒီမိုကရေစီအရေးတော်ပုံကြီး မပြီးဆုံးသေး။ လိုရာထမြောက်စခန်းမပေါက်သေး။ ဒီမိုကရေစီရေး ဆက်လက်တိုက်ပွဲဝင်ကြ ရဦးမယ်။ “တိုက်ပွဲဝင်အရေးတော်ပုံသူရဲကောင်းတွေပီပီ ခေတ်ဝန်ထမ်း၊ ခေတ်လမ်းလျှောက်ကြရလေ ဦးမယ်။ နိုင်ငံရေးယုံကြည်ချက်၊ နိုင်ငံရေးစိတ်ဓာတ်၊ နိုင်ငံရေးအားမာန်သစ်တွေနဲ့ လက်တွဲ မဖြုတ်စတမ်း ဒီမိုကရေစီပန်းတိုင်အရောက် တက်လှမ်းသွားကြပါစို့။" ၈၈ လူထုအရေးတော်ပုံကြီးနဲ့အတူ ပေါက်ဖွားလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ခဲ့တာ ၂၅ နှစ် ငွေရတုတိုင်ရောက်ရှိခဲ့ပါပြီ။ အန်အယ်လ်ဒီပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံပါအချက်တွေထဲက နိုင်ငံကို အကျိုးပေးတယ်လို့ မမြင်တဲ့အချက်တွေကို ပြုပြင်ပြောင်းလဲဖို့အတွက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လွှတ်တော်အမတ်နေရာ ၄၀ ကျော် ရရှိထားခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည့် မိန့်ခွန်းအပြည့်အစုံ နားဆင်ရန်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up