Monday, May 29, 2023
HomeLead Storyစီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ဦးစောဒယ်နီယယ်ကို KySDP ပါတီက ထုတ်ပယ်

စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်သည့် ဦးစောဒယ်နီယယ်ကို KySDP ပါတီက ထုတ်ပယ်

အာဏာသိမ်းအစိုးရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်နေတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌ ဦးစောဒယ်နီယယ်ကို ပါတီကနေ ထုတ်ပယ်ကြောင်း  ကြေညာပါတယ်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ဒု-ဥက္ကဋ္ဌ (၁) တာဝန်ယူနေတဲ့ ဦးစောဒန်နီယယ်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ပါဝင်နေတာနဲ့ပတ်သက်ပြီး သူ့ကို ခေါ်ယူဆွေးနွေးခဲ့ရာမှာ မိမိသဘောဆန္ဒအရ ပါဝင်ခြင်းဖြစ်ကြောင်း ပြောဆိုတဲ့အတွက် ဖေဖော်ဝါရီ ၄ ရက်နေ့ကစပြီး ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တာလို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းဆောင်ရာမှာ မည်သည့်အဆင့်တွင်မဆို ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအနေနဲ့ လုံးဝပါဝင်ပတ်သက်မှုမရှိကြောင်းနဲ့ ပါတီဝင်တွေ ပါဝင်ပတ်သက်ပါက အလိုအလျောက် နုတ်ထွက်ပြီးဖြစ်ကြောင်းနဲ့ ပါတီနဲ့လည်း လုံးဝ မသက်ဆိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

တပ်မတော် အာဏာသိမ်းပြီး ဒုတိယနေ့မှာ ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်တဲ့ ဦးခင်မောင်ဦး(ခ)ဘူးရယ်ဟာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကန နိုဝင်ဘာလက မိမိသဘောဆန္ဒသဘောအလျောက် နုတ်ထွက်လိုကြောင်း စာတင်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့ ပြုလုပ်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှာ နုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ KySDP က ထုတ်ပြန်ထားပါတယ်။

ဦးခင်မောင်ဦးဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရခဲ့ပြီး ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ နုတ်ထွက်ပြီး တသီးပုဂ္ဂလ ဝင်ပြိုင်ခဲ့ရာမှာ ရှုံးနှိမ့်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ပြည်နယ်အခြေစိုက် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ လွိုင်ကော် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီရဲ့ ဒုဥက္ကဋ္ဌ (၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစောဒယ်နီယယ်ကတော့  ၂၀၂၀ ရွေးကောက်ပွဲမှာ  ဖားဆောင်းမြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular