Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ အကြမ်းမဖက် လှုပ်ရှားမှု ၂၀၂၁ စတင်မည်ဟု ၈၈မျိုးဆက် ခေါင်းဆောင်များပြော
DVB
·
February 4, 2021

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁  စတင်မှာဖြစ်တယ်လို့ ပြည်သူလူထုတွေအနေနဲ့ ဝိုင်းဝန်းထောက်ခံအားပေးကူညီကြဖို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။  

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဂျင်မီက “ကျနော်တို့ ညီညီညွတ်ညွတ်နဲ့ တုံ့ပြန်ရမယ့်အချိန်ကို ရောက်ပါပြီ။ အဲဒီအတွက် ပြည်သူလူထုလှုပ်ရှားမှုတခုကို ကျနော်တို့ စတင်မှာ ဖြစ်ပါတယ်။ ခေါင်းစဉ်ကတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ အကြမ်းမဖက် လှုပ်ရှားမှု ၂၀၂၁ ဖြစ်ပါတယ်။”လို့ပြောပါတယ်။

 အဲဒီလှုပ်ရှားမှုဟာ နံပါတ်တစ် ဝန်ထမ်းပေါင်းစုံ ပါဝင်တဲ့ သပိတ်ကို ဝိုင်းဝန်းထောက်ခံ အားပေးကူညီကြဖို့၊ နံပါတ်နှစ် သပိတ်မှောက် အလုပ်ထွက်လာတဲ့သူတွေကို ရပ်ကွက်အလိုက် လမ်းအလိုက် ပြည်သူများက ကူညီစောင့်ရှောက်ကြရန်၊ နံပါတ်သုံး မိမိမြို့နယ်အတွင်း အကြမ်းမဖက်လှုပ်ရှားမှုမှန်သမျှကို ဆောင်ရွက်ရန်ဖြစ်တယ်လို့ဆိုပါတယ်။

“ဥပမာ ည ၈ နာရီ သံပုံးတီးပြီး ဆန့်ကျင်တာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး လွတ်မြောက်ရေးအတွက် ဆုတောင်းတာမျိုး၊ ရပ်ကွက်အလိုက် လမ်းအလိုက် ညီညွတ်စွာလုပ်ဖို့။ နံပါတ်လေးက မြို့နယ်အလိုက် စတင်ပြီးဆောင်ရွက်လာမယ့် ကျောင်းသားသမဂ္ဂတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို ပြည်သူလူထုတရပ်လုံးက ထောက်ခံအားပေးကြဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။”

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း လက်ရှိအခြေအနေဟာ  အထွေထွေသပိတ်ကြီးကို  ဦးတည်နေပြီဖြစ်တယ်လို့ ပြောပါတယ်။ 

“မတရားသဖြင့် စစ်အာဏာသိမ်းတဲ့ဟာကြီးကို လူဘယ်လောက် ထောက်ခံသလဲ၊ တကယ် ဆန့်ကျင်နေတာက သန်းပေါင်း ဘယ်လောက်လဲဆိုတာ ကျနော်တို့ ပြကြရမယ်။ ဝန်ထမ်းတွေရဲ့ အထွေထွေသပိတ်ကြီးကို ဒါက ဦးတည်နေတယ်။ လက်နက်ကိုင်ပြောင်းဝက ဘယ်ဘက်ကို လှည့်နေလဲဆိုတာ လူတိုင်း သိတယ်။ ကျနော်တို့ ဘယ်သူ့ အားကိုးရမလဲ။ ပြည်သူအချင်းချင်းပဲ အားကိုးရမှာ။ အထူးသဖြင့် သပိတ်မှောက်တဲ့ ဝန်ထမ်းတွေကို ပြည်သူတွေက လုံခြုံဖို့အတွက်ရော၊ စားဝတ်နေရေးအတွက်ရော ဝိုင်းပြီး စောင့်ရှောက်ပေးရမယ်။ ခုခံတွန်းလှန်တယ်ဆိုတာက သဏ္ဌာန်မျိုးစုံ ပေါ်လာမှာပဲ။ ကြည့်နေပါ။ အလုပ်သမားသပိတ်တွေ၊ ကျောင်းသားသပိတ်တွေ ပေါ်လာမယ်။ အညံ့မခံဘူးဆိုတာ ပြမှာနော်။” လို့ပြောပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှုမှာ ပြည်သူလူတွေအနေနဲ့  စုပေါင်းပါဝင်ပြီးတော့ စုပေါင်း ရင်ဆိုင်ကြရမယ်လို့လည်း ဦးမင်းကိုနိုင်က ပြောပါတယ်။

“အိမ်ထဲကလည်း ည ၈ နာရီထိုးတာနဲ့ လှုပ်ရှားမှုပေါင်းစုံ ပါလာကြလိမ့်မယ်။ ကျနော်တို့ မျက်စိရှေ့မှောက်မှာတင် အာရပ်ရဲ့ နွေဦးမှာ အောင်ပွဲတွေ ရခဲ့ကြပါပြီ။ ကျနော်တို့ဆီမှာတော့ စစ်အုပ်စုက ကြီးစိုးနေမှုကြောင့်သာ နိုင်ငံက နိမ့်ကျနေတာ။ လူတွေက မညံ့ဘူးဆိုတာ ပြကြရမယ်။ နယ်ပယ်ပေါင်းစုံက ခေါင်းဆောင်ကိုယ်စီနဲ့ ပြကြမှာပဲ။ သမိုင်းအချိုးတကွေ့မှာ ကြိုက်တဲ့ဘက်ကို ဝင်ပါကြပါ။ မှတ်တမ်းဝင်ပါလိမ့်မယ်။ ဆိုလိုတာကတော့ သမိုင်းတဆစ်အချိုးမှာ လူတွေရဲ့လက်ထဲမှာ နတ်မျက်စိတွေ ရှိနေပြီ။ နတ်နားတွေ ရှိနေပြီ။ အဲဒါက ကမ္ဘာကြီးကို ဖြန့်ကြက်လိမ့်မယ်။ မှတ်သားထားတဲ့ နှလုံးသားတွေ ရှိတယ်။ အားလုံးကို ပြည်သူတွေက မှတ်တမ်းတင်ထားလိမ့်မယ်။ စုပေါင်းပြီးတော့ ရင်ဆိုင်ကြရမယ်။ ကျနော်တို့ ပခုံးချင်း ဖက်ထားကြရအောင်ပါ။”

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်အစိုးရက ဖမ်းဆီးထားပြီး တရားစွဲ့တာဟာ  လက်နက် တရားစီရင်ရေး ဖြစ်နေပြီလို့လည်း  ဦးမင်းကိုနိုင်က ပြောပါတယ်။ 

“ခေါင်းဆောင်နှစ်ယောက် အဖမ်းခံရတာကို တရားရုံးထုတ်မယ်တဲ့။ ကျနော် ပြောချင်တာက အတိုင်ပင်ခံတို့၊ သမ္မတတို့ ဆိုတဲ့ ရာထူးကို ပြောချင်တာ မဟုတ်ဘူး။ ကျနော်တို့ပြည်သူတွေရဲ့ မြတ်ဦးခေါင်းတွေကို ကိုယ်ထိလက်ရောက် စော်ကားတယ်လို့ ကျနော်  ခံစားရတယ်။ ဘယ်သူမှ မလုံခြုံဘူးဆိုတာ ပြနေတယ်။ ဘာအာမခံချက်မှ မရှိဘူး။ ဘယ်သူ့ကိုမဆို ရမည်ရှာပြီး ဖမ်းမယ်။ ဘာဖြစ်မယ်ဆိုတာကို ဘယ်လိုမှ မမျှော်မှန်းနိုင်ဘူး။ ဥပဒေ‌ကြောင်းတွေ၊ တရားစီရင်ရေးကြောင်းတွေ ပြောလို့မရတော့ဘူး။ လက်နက်သာလျှင် ဥပဒေဆိုတဲ့၊ လက်နက်သာလျှင် တရားစီရင်ရေး ဖြစ်နေပြီ။ ကျနော် ပြောချင်တာက ကိုယ့်ဘက်က ဘာလုပ်ကြမှာလဲ။ ဒီနေ့ နမူနာအနေနဲ့ ကြည့်လိုက်။ ဆရာဝန်တွေ၊ ဆေးဝန်ထမ်းတွေ စုပေါင်း ဓာတ်ပုံရိုက်ပြီးတော့ သူတို့ရဲ့ ကမ်ပိန်း၊ သူတို့ရဲ့သပိတ်တွေကို ရဲရဲရင့်ရင့် တော်လှန်ပြီး ပြတယ်။ ဒါက ကမ္ဘာကြီးကို အမှောင်ထုထဲက မီးစုန်းတွေ ထတောက်ပြလိုက်တာပဲဗျ။ သူတို့က ဆေးမကုချင်တာ မဟုတ်ဘူး။ စစ်ခေါင်းဆောင်တွေရဲ့အောက်မှာ အမှုတော်မထမ်းချင်တာ။ ဒါပဲ။ အပြင်မှာ သီးခြားဝန်ဆောင်မှုတွေ ပေးမယ်လို့ ပြောတာ ရှိတယ်။ ပုဂ္ဂလိကဆေးခန်းတွေနဲ့ ချိတ်ဆက် လုပ်ကြမှာတွေ ရှိတယ်။ ဝိုင်းကြဝန်းကြတယ်ဗျ။  ဖဲကြိုးနီ လှုပ်ရှားတဲ့ ဆရာဝန်တွေလည်း သူတို့က ဆန္ဒပြနေတာပဲ။ ဒါတွေအားလုံးက နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ ဌာနပေါင်းစုံကလည်း သမိုင်းတကွေ့မှာ သူတို့ရဲ့ တန်ဖိုး၊ သူတို့ရဲမှတ်တမ်းဝင်ဖို့ ကြိုးစားကြတော့မှာပဲ။ တာစူနေကြပြီ။ ဒီလိုအချိန်မှာ အဲဒီဝန်ထမ်းတွေကို ဖိနှိပ်ချင်တဲ့ အရာရှိကြီး၊ ရာထူးကြီးတဲ့သူတွေ ရှိတယ်။ သူတို့အကြောင်းကိုလည်း စပြီးဖော်ထုတ်နေကြပြီ။ ဒါ အတော်အရေးကြီးတယ်ဗျ။ ဒီကိစ္စတွေကို ဘာသာပေါင်းစုံ၊ ဘာသာစကားပေါင်းစုံနဲ့ ကမ္ဘာကို တင်ပြဖို့ လိုတယ်ဗျာ။ လက်နက်အားကိုးသမားတွေကို ဉာဏ်ပညာရှင်တွေက တုံ့ပြန်တာမျိုးကို ကြည့်ချင်တာ။ လိုလားတာ။”

လူထုလှုပ်ရှားမှုကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီး အပါအဝင် ဖမ်းဆီးထားတဲ့လူတွေကို ချက်ချင်းလွှတ်ဖို့နဲ့  ၂၀၂၀ ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ပေးဖို့ အဓိက အချက် ၂ ချက်ကို တောင်းဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။   

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024