Thursday, June 8, 2023
HomeLead Storyလက်ပံတန်း၊ ကျောက်ဖြူနှင့် မြစ်ကြီးနားတွင် ကျန်းမာရေးဝန်ထမ်းများ ဖဲကြိုးနီကမ်ပိန်းပြုလုပ်

လက်ပံတန်း၊ ကျောက်ဖြူနှင့် မြစ်ကြီးနားတွင် ကျန်းမာရေးဝန်ထမ်းများ ဖဲကြိုးနီကမ်ပိန်းပြုလုပ်

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လက်ပံတန်း၊ ကျောက်ဖြူ၊ မြစ်ကြီးနားမြို့တို့က ကျန်းမာရေးဝန်ထမ်းတွေက ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခဲ့ကြပါတယ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်က ကျန်းမာရေးဝန်ထမ်းအားလုံးပါဝင်တဲ့ Red Ribbon ကမ်ပိန်းကို ဖေဖော်ဝါရီ  ၃ ရက် မနက်ပိုင်းက လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံမှာ ပြုလုပ်ခဲ့ကြပါတယ်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းက “ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး ဆန္ဒတူ၊ သဘောတူ ကျနော်တို့ ရွေးချယ်ထားတဲ့ အစိုးရကို အုပ်ချုပ်စေချင်ပြီးတော့ ကျနော်တို့ ရွေးချယ်ထားတဲ့ အစိုးရရဲ့ တာဝန်ပေးချက်တွေကိုပဲ ဆောင်ရွက်ဖို့ လိုလားပါတယ်။ အဲ့ဒီအတွက် အခုလိုဆန္ဒ ဖော်ထုတ်ရတာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

အလားတူ ရခိုင်ပြည်နယ်  ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေကလည်း ဒီနေ့မနက်ပိုင်းက စစ်အာဏာရှင်အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး  ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခဲ့ကြပါတယ်။

လှုပ်ရှားမှုမှာပါဝင်တဲ့ ဆရာဝန် ၁ ဦးက “ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံအပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို မတရားဖမ်းဆီးထိန်းသိမ်းထားပြီး စစ်အာဏာသိမ်းတဲ့အပေါ်ကို မကျေနပ်သလို စစ်အာဏာရှင်စနစ်ကို ကြုံတွေ့ဖူးခဲ့ပြီ ဖြစ်တာကြောင့် ထပ်မကြုံချင်တဲ့အတွက် အခုလိုပြုလုပ်ရတာ” လို့ ပြောပါတယ်။ အလားတူ ကချင်ပြည်နည် မြစ်ကြီးနားမြို့၊ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေကလည်း ဖဲကြိုးနီကမ်ပိန်းကို ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

သတင်း – ဝဏ္ဏထွန်း၊ နောင်နောင်၊ မီးမီး

RELATED ARTICLES
- Advertisment -
Google search engine

Most Popular