Sunday, May 28, 2023
HomeLead Story“အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်”- ဒေါက်တာကျော်စွာဦး

“အကောင်းဆုံးကို မျှော်လင့်သလို အဆိုးဆုံးကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်”- ဒေါက်တာကျော်စွာဦး

တတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့ နေပြည်တော်မှာ  ရောက်ရှိနေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်း ပြီးနောက်  နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ အပြင်ထွက်ခွင့်မရဘဲ တားဆီးပိတ်ပင် ခံထားရပါတယ်။

စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ကိုယ်စားလှယ်တွေ  ၂၄ နာရီအတွင်း ထွက်ခွာပေးဖို့ ညွှန်ကြားထားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။   စည်ပင်ရိပ်သာမှာရှိနေတဲ့ အန်အယ်လ်ဒီပါတီဝင်  သင်္ဃန်းကျွန်းမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။  

မေး ။ ။ စည်ပင်ဧည့်ရိပ်သာကနေ ၂၄ နာရီအတွင်း ထွက်ခွာခိုင်းနေတာနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ ။ ။ တိုကိရိုက်ကျနော်တို့ကို လာပြီးပြောတာတော့ မဟုတ်ဘူး။ စည်ပင်ဧည့်ရိပ်သာမှာဆိုရင် အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ကျနော်တို့ စီအီးစီ သုံးယောက်ရှိတာပေါ့နော် ။ အဲဒီ စီအီးစီ ခေါင်းဆောင်တွေဆီကို ဆက်သွယ်‌ပြောကြားလာတာတွေကိုပဲ သိရတယ်။ ကျနော်တို့လည်း  တိုင်းဒေသကြီး ၊ ပြည်နယ်တွေမှာ တာ၀န်ခံတွေလေ။ သူတို့ကနေတဆင့် သိရတာပေါ့လေ။

မေး ။ ။ ဒီအခြေအနေပေါ်မှာ ဘာလုပ်မယ်ဆိုတာမျိုး အခြေအနေသိရပြီလား။

ဖြေ ။ ။ အခု ကျနော်တို့ သိရပြီး နားလည်သလောက်ကတော့ ကျနော်တို့ ကြေညာချက်တစ်ခု ထွက်မှာပါခင်ဗျာ။ ဒီအပေါ်မှာ ကြေညာချက်တစ်ခုထွက်မယ် ပြီးလို့ရှိရင် ကျနော်တို့ အခု ပြန်ဖို့ကိစ္စ တွေကို ပစ္စည်းတွေကို သိမ်းထားတာပေါ့။ လောလောဆယ်တော့ ဘယ်သူမှတော့ မပြန်သေးဘူးပေါ့လေ။ ပစ္စည်းသိမ်းရတဲ့ အခြေအနေပါ။

အဓိကကတော့ မိဘပြည်သူတွေကို ပြောချင်တာက အမြဲတမ်း တာ၀န်ကျေခဲ့ပါတယ်။ မေတ္တာထားတယ် ၊ စေတနာထားတယ် တာ၀န်လည်း ကျေပါတယ်။ ခုအချိန်ထိလည်း ကျနော်တို့ကို စိတ်ပူနေကြတယ်။ ကျနော်တို့ကလည်း ပါတီခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုနဲ့အတူ ပြည်သူလူထုနဲ့ တစ်သားတည်းဆိုတာ စကားပါးချင်ပါတယ်။ Civil disobedience လုပ်နေတဲ့ ကျန်းမာရေး၀န်ထမ်းတွေနဲ့ သက်ဆိုင်ရာဌာနအသီးသီးက လှုပ်ရှားမှု အားလုံးကို အလေးအနက် အပြည့်အ၀ ထောက်ခံတယ်။ လေးလည်း လေးစားပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။

မေး ။ ။ လုံခြုံရေး အခြေအနေကရော ဘယ်လိုရှိနေလဲ ခုအချိန်မှာ။

ဖြေ ။ ။ လုံခြုံရေးကတော့ ဒီအထဲမှာရှိတဲ့ ရဲတပ်ရင်းကတော့ ကျနော်တို့ မတွေ့တော့ဘူး။ သို့သော်လည်းပဲ အပြင်မှာတော့ တပ်မတော်က ကင်းပုန်းယူထားတာတော့ ကြားသိရပါတယ်။

မေး ။ ။ ဖြည့်ပြီးပြောချင်တာများ ရှိသေးလား။

ဖြေ ။ ။ ကျနော်တို့ အနေနဲ့ အကောင်းဆုံးကိုမျှော်လင့်ထားသလို အခုအချိန်မှာတော့ အဆိုးဆုံးကို မျှော်လင့်ပြီးတော့ ရင်ဆိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

ကျေးဇူးတင်ပါတယ်။ ။

Photo Credit- Kyaw Swar Oo Oo

RELATED ARTICLES
- Advertisment -
Google search engine

Most Popular