A d v e r t i s e m e n t With Us

“ပြည်သူသာအဓိက”- NLD ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်နှင့်မေးမြန်းချက်

တတိယအကြိမ် လွှတ်တော်အစည်းအဝေးတက်ရောက်ဖို့ နေပြည်တော်မှာ ရောက်ရှိနေကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်  နေပြည်တော်စည်ပင်ဧည့်ရိပ်သာမှာ အပြင်ထွက်ခွင့်မရဘဲ တားဆီးပိတ်ပင် ခံထားရပါတယ်။

စည်ပင်ဧည့်ရိပ်သာအတွင်းရှိ ကိုယ်စားလှယ်တွေ  ၂၄ နာရီအတွင်း ထွက်ခွာပေးဖို့ ညွှန်ကြားထားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။  စည်ပင်ရိပ်သာမှာရှိနေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်လည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်ကို ဒီဗွီဘီက  ဖေဖော်ဝါရီ ၂ ရက်ညပိုင်းမှာ ဆက်သွယ်မေးမြန်းထားပါတယ်။  

မေး ။ ။ လွှတ်တော်ကိုယ်စားလှယ်တွေကို လာမယ့် ၆ ရက်နေ့မှာ နေပြည်တော် စည်ပင်ရိပ်သာကနေပြန်ကြမယ်လို့သိရပါတယ်။ ဒီအခြေအနေပေါ်မှာ ဘာတွေပြင်ဆင်ထားလဲ။

‌ဖြေ ။ ကျနော်တို့ အဓိက ဒီမှာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကျော်ကတည်းက နေလာတာဆိုတော့ အိမ်ထောင်တစ်ခုလို ပစ္စည်းတွေက အများကြီးရှိကြတယ်။ ရုတ်တရက်ပြန်ဖို့ကြတော့ ကျနော်တို့မှာ  အကုန်ရှိတာ ၃၈၇ ယောက်လေ။ တကယ်တမ်းပြန်ဖို့ကြ စနစ်တကျ ပြန်ဖို့လည်း လိုတယ်။ တကွဲတပြားနဲ့ ဖြစ်ဖို့မလိုဘူး။ တိုင်းနဲ့ပြည်နယ်အလိုက် ၊ ဒေသအလိုက် စီမံခန့်ခွဲရဖို့ ရှိတယ်။ အစုလိုက် ၊အသုတ်လိုက်တော့ ပြန်ဖို့ ဖြစ်နိုင်ပါတယ်။ 

မေး ။ ။ ကိုယ်စားလှယ်တွေရဲ့အခြေအနေက လက်ရှိမှာ ဘယ်လိုများ ရှိနေပါသလဲ။

ဖြေ ။ ။ စိတ်ဓာတ်ကျဆင်းတဲ့ အနေအထားမျိုးမရှိပါဘူး။ကျနော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ကြံ့ကြံ့ခံ ဆက်ပြီးတော့ ရပ်တည်သွားဖို့ပါပဲ။အားလုံးက တစ်သွေးတစ်သံတည်း ရှိနေပါတယ်။

မေး ။ ။ တခြား စီအီးစီ တွေ ၊တခြားခေါင်းဆောင်ပိုင်းတွေနဲ့ အဆက်အသွယ်ရပြီး ထူးခြားတဲ့အခြေအနေ ကြားသိရတာမျိုး ရှိလား။

ဖြေ ။ ။ စီအီးစီ မှာပါတဲ့ တချို့ ၀န်ကြီးချုပ်တွေ လွတ်နေပြီး ၊ တချို့လည်း အဆက်အသွယ်တော့ ရပြီ။ တချို့လည်း လောလောဆယ် အဆက်အသွယ်မရသေးဘူး။ ဒီကြားထဲ ကျနော်တို့ အဆက်အသွယ်ရလာနိုင်စရာ ရှိပါတယ်။

မေး ။ ။ အပြင်မှာဆို ပြည်သူ့၀န်ထမ်းတွေ Civil disobedience campaign အတွက် ဘာပြောချင်လဲ။

ဖြေ ။ ။ ကောင်းတာပေါ့ဗျာ။ ကျနော်တို့ အင်မတန်မှ အားဖြစ်တာပေါ့။ တစ်နိုင်ငံလုံး ဥပဒေရဲ့ မူဘောင်နဲ့အညီ ဒီမိုကရေစီရဲ့ ကျင့်စဉ်တွေကို ထိန်းကျောင်းထားပေးနိုင်ဖို့ အင်မတန်မှ ခွန်အားဖြစ်နိုင်တယ်လို့ပဲ ပြောရမှာ။ကျေးဇူလည်း တင်ပါတယ်။

မေး ။ ။ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးတော့ ဘာများပြောချင်ပါသလဲ။

ဖြေ ။ ။ တကယ်တမ်းကျတော့မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရောက်ရှိပြီးတော့ ဥပဒေနဲ့အညီ တရား၀င်တည်ရှိမှုက အန်အယ်လ်ဒီရဲ့ မူလရပ်တည်ချက်အတိုင်း၊ အမေစုက ပြောထားတဲ့အတိုင်း ပြည်သူသာ အဓိကလို့ ပြောချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။ ။

A d v e r t i s e m e n t With Us

More News
Up