တပ်မတော်အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ စစ်ကိုင်းတိုင်း ခန္တီးပြည်သူ့ဆေးရုံမှာ ဖဲကြိုးနီကမ်ပိန်း ဒီနေမနက် စတင်ပြုလုပ်ခဲ့ကြပါတယ်။
ပြည်သူတင်မြှောက်တဲ့ အစိုးရကို လက်နက်အားကိုးပြီး အာဏာသိမ်းတဲ့အတွက် ဖဲကြိုးနီကမ်ပိန်း ပြုလုပ်ခဲ့တာလို့ ဆရာဝန်တဦးက ပြောပါတယ်။
“ကျနော်တို့က ဖဲကြိုးနီကမ်ပိန်းကို ဆေးရုံသွားတဲ့အခါတိုင်း တပ်ဆင်ထားမယ်။ အခုလို ဖဲကြိုးနီကမ်ပိန်းတွေ ခန္တီးမြို့မှာရှိတဲ့ ပြည်သူတွေကလည်း ပြုလုပ်သင့်တယ်။”
ဖဲကြိုးနီကမ်ပိန်းကို ခန္တီးမြို့မှာရှိတဲ့ ခရိုင်/မြို့နယ်ကုသရေးရော၊ ပြည်သူ့ကျန်းမာရော အင်အားအကုန်လုံးကနေ သဘောတူပြုလုပ်ခဲ့တာလို့ ခန္တီးမြို့ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
“ကျမတို့က အာဏာရှင်လက်အောက်မှာ အလုပ်မလုပ်ဘဲ အကုန်လုံးနေမယ်ဆိုလည်း လူနာအတွက် အဆင်မပြေဘူး။ ခန္တီးမြို့မှာက ဆေးရုံးတစ်ခုတည်းရှိတာ ကျမတို့ လူနာတွေပဲ အကုန်နစ်နာမှာ။ ဒါကြောင့် ဖဲကြိုးနီကမ်ပိန်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၈ နာရီက စတင်ပြုလုပ်ခဲ့တယ်။”
သတင်း - အောင်ဆန်းမြင့်