DVB Logo
Home
မြန်မာသတင်း
မဒေးကျွန်းဆန္ဒပြခေါင်းဆောင် ၁၀ ဦး ထောင်ဒဏ် ၃ လ ချခံရ
DVB
·
September 26, 2013
မဒေးကျွန်းဆန္ဒပြခေါင်းဆောင် ၁၀ ဦး  ထောင်ဒဏ် ၃ လ ချခံရ
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ၀င်ရောက်လုပ်ကိုင်နေတဲ့  စီအန်ပီစီ  China National Petroleum Cooperation  ကုမ္ပဏီကို ဆန္ဒပြခဲ့တဲ့ ဒေသခံ ခေါင်းဆောင် ၁၀ ဦးကို မြို့နယ်တရားရုံးက  အလုပ်နဲ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။

ဒီတရားစီရင်မှုဟာ မတရားဘူးလို့ ယူဆပြီး ကိုထွန်းကြည် အပါအ၀င် ရွာသား ၁၀ ဦးကို ပြန်လွှတ်ပေးဖို့၊ ပြန်မလွှတ်ပေးရင် အတူတကွဆန္ဒပြခဲ့တဲ့ သူတို့လူ ၅၀၀ ကျော် အတူအဖမ်းခံမယ်လို့  ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

မဒေးကျွန်းအပါအ၀င် ကျောက်ဖြူမြို့နယ်ထဲမှာရှိတဲ့ မလကျွန်း၊ လိပ်ခမော်၊ ကုလာဘာ၊ ကြတ္တိန် ၊ မင်းပြင် ၊ ချောင်းဝ အစရှိတဲ့ ရွာပေါင်း ၁၇ ရွာလောက်က လူ ၅၀၀ ကျော်ဟာ ဒီကနေ့မနက် ၁၀ နာရီလောက်ကတည်းက တရားရုံးအပြင်ဘက်ကနေ လာရောက်စောင့်ဆိုင်းကြားနာခဲ့ပြီး တရားစီရင် အပြီးမှာ အော်ဟစ် တောင်းဆိုနေကြတာပါ။

ဆန္ဒပြခေါင်းဆောင် ၁၀ ဦးကို  မြို့နယ်တရားသူကြီး ဦးနေ၀င်းက   ပုဒ်မ ၁၈ အရ ခွင့်ပြုချက်မရဘဲ စီတန်း လှည့်လည်ဆန္ဒပြမှုနဲ့ ဒီနေ့မွန်းလွဲပိုင်းမှာ စီရင်ချက်ချခဲ့တာလို့ သူတို့ရဲ့ ရှေ့နေ ဦးထိန်လင်းက ပြောပါတယ်။

ရခိုင်ကမ်းလွန်ပင်လယ်ပြင်က သဘာဝဓာတ်ငွေ့တွေ  တရုတ်ပြည်ကို တင်ပို့ရောင်းချတဲ့ စီမံကိန်းမှာ မြေယာနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရတာကြောင့်  စီအန်ပီစီကုမ္ပဏီကို ဆန္ဒပြတောင်းဆိုဖို့ မြို့နယ်၊ ပြည်နယ် ရဲစခန်း၊ အုပ်ချုပ်ရေးရုံးတွေကို အဆင့်ဆင့်စာတင်ခဲ့ပေမယ့် ခွင့်ပြုချက်မရလို့ ရွာသား ၅၀၀ ကျော် ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့က ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီထဲက ကိုထွန်းကြည်၊ ကိုအောင်သိန်းထွန်း၊ ကိုထွန်းခင်နု၊ ကိုမောင်ဖြူသီး၊ ကိုမောင်မောင်မြင့်၊ မောင်မျိုးနိုင်၊ ကိုမောင်ရိုင်လှ၊ ကိုမောင်မောင်စိုး၊ ကိုမောင်စန်းအေး နဲ့ ကိုတင်ဦးကျော်တို့ ၁၀ ဦး အဖမ်းခံခဲ့ရတာပါ။

သူတို့ ၁၀ ဦးကို ကျောက်ဖြူမြို့နယ် ရဲမှူးကြီး ဦးကျော်ဌေးက တရားလိုလုပ်ကာ ပုဒ်မ ၁၈ နဲ့ တရားစွဲခဲ့တာဖြစ်ပြီး အာမခံနဲ့ အပြင်ကနေ အကြိမ်ကြိမ် တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ပြီးနောက် ၁၃ ကြိမ်မြောက်မှာ ထောင်ဒဏ်ချမှတ်လိုက်တာလို့ ဦးထိန်လင်းက ပြောပါတယ်။

တရားစီရင်ချက်ကို လာရောက်ကြားနာသူ ကျောက်ဖြူဒေသ ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်အေးက ပြောပြရာမှာ စီအန်ပီစီကုမ္ပဏီကို ရွာသားတွေ တောင်းဆိုခဲ့တဲ့ အချက်ပေါင်း ၉ ချက် ရှိပြီး  တောင်းဆိုချက်တွေထဲက ၂ ချက်ပဲ လိုက်လျောသေးတယ်လို့ ဆိုပါတယ်။

“အခု လျှပ်စစ်မီးတောင်းထားတာတွေလည်း လုပ်ပေးထားတယ်၊ ကျွန်းပတ်လမ်း ဖောက်မယ့်ဟာကိုလည်း အစိုးရကနေပြီး လုပ်ပေးနေတယ်။ လုပ်ပေးမယ်လို့လည်း ၀န်ကြီးကိုယ်တိုင် လာပြီးတော့ ကတိပေးထားတယ်။”

နောက်ထပ်အနေနဲ့ အသိမ်းခံရတဲ့မြေယာနဲ့ ရွာသားပိုင်စားကျက်မြေတွေကို ထိုက်တန်တဲ့လျော်ကြေးပြန်ပေးရေး၊ ပျက်စီးသွားတဲ့ လယ်ကွက်တွေ အစားထိုးလုပ်ကွက်  ပြန်ဖော်ပေးရေး၊ ကျွန်းပတ်လည်မှာ လွတ်လပ်စွာ ငါးဖမ်းခွင့်နဲ့ အလုပ်အကိုင်ရရှိရေး၊ နိုင်ငံတကာစံနှုန်းနဲ့ လုပ်အားခရရှိရေးတွေ ပါဝင်တယ်လို့ ဦးမောင်အေးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013