မြန်မာနိုင်ငံမှာ လေဆိပ်တွေပိတ်ထားပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ရောက်လာမယ့်ကိစ္စဟာ အများအကျိုးရှိတဲ့ကိစ္စဖြစ်လို့ ခွင့်ပြုမယ်ထင်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
အိန္ဒိယနိုင်ငံကနေ ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀ ထဲက ၂ သန်း ပမာဏဟာ ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီလအတွင်းရောက်လာဖို့ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိမှာ ရန်ကုန် လေဆိပ်ကို ဧပြီလအထိ ပိတ်ထားတာကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးပို့မယ့် လေယာဉ်တွေကို ဆိုက်ရောက်ခွင့်ပြု မပြု မသိသေးတဲ့အခြေအနေမှာ ရှိနေပါတယ်။
ကာကွယ်ဆေးတွေ မြန်မာနိုင်ငံကိုရောက်လာမယ့် အခြေအနေနဲ့ပတ်သက်ပြီး “flight တွေ ပိတ်ထားပေမယ့်လည်း ကာကွယ်ဆေးနဲ့ဆိုင်တဲ့ပစ္စည်းတွေဆိုရင်တော့ ခွင့်ပြုလို့ရလား မပြော တတ်ပါဘူး။ ပိတ်တယ်ဆိုတာ ဘယ်လိုပိတ်လည်း အသေးစိတ် ကျမ မသိသေးလို့ ဖြစ်ပါတယ်။ ပိတ်ရင်တောင် ကာကွယ်ဆေးနဲ့ပတ်သက်တာ သဘာဝဘေးနဲ့ဆိုင်တဲ့ပစ္စည်းတွေပါတဲ့ လေယာဉ် တွေ ဆိုက်ခွင့်တော့ ပြုမယ်ထင်ပါတယ်။ ဒါကျမရဲ့ထင်မြင်ချက်ပါ ဘာလို့လဲဆိုတော့ ကာကွယ်ဆေး က ကပ်ရောဂါကိုရပ်တန့်မယ့် တကယ့်ကို လိုအပ်တာဖြစ်တာအတွက်ရယ်။ ထိုးနှံသင့်တဲ့ လူအုပ်စုကိုအမြန်ထိုးနှံနိုင်ဖို့ကလည်း လိုအပ်တယ်လေ အခုကတော့ ရှိနေတဲ့ ကာကွယ်ဆေးတွေကို ဆက်ပြီးထိုးပေးနေတယ်။ အိန္ဒိယဆေး ၂ သန်းက ဖေဖော်ဝါရီလ ၁၀ ရက်မှာ ရောက်မယ်ကြားထား ပြီး ဒီလကုန်မှာဒါမှမဟုတ်ရင် မတ်လဆန်းမှာ ကိုဘတ် ကနေ ကာကွယ်ဆေးတချို့ရောက်မယ် ဒီလိုတော့ သိထားတာရှိပါတယ်။ ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ဆက်ပြီးထိုးသွားမှာဖြစ်သလို သက်ဆိုင်ရာလူကြီးတွေ အကောင်းဆုံးစီစဉ်ဆောင်ရွက်ပါလိမ့်မယ် ယုံကြည်ပါတယ်။ အဆင်ပြေသွားမှာပါ” လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့ ရန်ကုန်- နယူးဒေလီပြေးဆွဲဖို့ စီစဉ်ထားတဲ့ အဲအိန္ဒိယ လေကြောင်းလိုင်း ခရီးစဉ်အမှတ် (AI1233) ကို မရှောင်လွှဲနိုင်တဲ့ အခြေအနေ တစ်ရပ်ကြောင့် ပြေးဆွဲမှာ မဟုတ်တော့ဘဲ ဖေဖော်ဝါရီ ၁၁ ရက်ကျမှ ပြေးဆွဲပျံသန်းမယ်လို့ အိန္ဒိယသံရုံးက ထုတ်ပြန်ကြေညာထားပါတယ်။
မေစု