Home
မြန်မာသတင်း
မြန်မာပြည်တွင် စစ်တပ်အာဏာသိမ်းမှု ထိုင်းအတိုက်အခံပါတီများ ကန့်ကွက်ရှုတ်ချ
DVB
·
February 2, 2021

မြန်မာနိုင်ငံမှာ နိုင်ငံခေါင်းဆောင်တွေဖမ်းဆီးခံရပြီး မြန်မာ့တပ်မတော်က အာဿာ သိမ်းလိုက်တဲ့အပေါ် ထိုင်းနိုင်ငံက အတိုက်အခံပါတီတွေဖြစ်တဲ့ ဖွေ့ထိုင်းပါတီနဲ့ Move Forward ပါတီတို့က ကန့်ကွက်ရှုတ်ချကြောင်း ကြေညာပါတယ်။ 

ဒီမိုကရေစီစနစ်ဘက်ကရပ်တည်ပြီး စစ်အာဏာရှင်ရဲ့ သားကောင်ဖြစ်နေရတဲ့ ဖွေထိုင်းပါ တီနဲ့ နိုင်ငံရေးသမားတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ အာဏာကိုအသုံးချပြီး နိုင်ငံအုပ်ချုပ်မှု  အာဏာသိမ်းယူမှုကို ရှုတ်ချကြောင်း၊ ဒါဟာ ဒီမိုကရေစီရဲ့ သဘောတရားတွေဖြစ်တဲ့ ပြည်သူ လူထုရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ချိုးဖောက်ရာရောက်သလို ပြည်သူတွေက ရိုးသားမှုနဲ့ ဆန္ဒမဲပေးခဲ့တဲ့အပေါ်လေးစားမှုမရှိရာရောက်ကြောင်း၊ ဒါကြောင့် ဖွေ့ထိုင်းပါတီအနေနဲ့ မြန်မာ့ တပ်မတော်ရဲ့ လုပ်ရပ်ပေါ် ရှုတ်ချပြီး တပ်မတော်က ဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေ နိုင်ငံရေးလှုပ်ရှားသူတွေအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးဖို့ တောင်းဆိုကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အလားတူ ထိုင်းလူငယ်တွေကြား ရေပန်းစားတဲ့ Move Forward Party ကလည်း - သူတို့ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေတွေကို အစဉ်တစိုက် စောင့်ကြည့်နေခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ စစ်တပ်ရဲ့လွှမ်းမိုးမှုအောက် ရှိနေဆဲဖြစ်ပြီး အဲဒီအောက်မှာ ပြည်သူတွေက ဆန္ဒမဲထည့်ပြီး အစိုးရကိုရွေးချယ်တင်မြှောက်ခဲ့ကြ ကြောင်း၊ ဒီကနေ့မှာတော့ စစ်တပ်က သူတို့ရေးဆွဲတဲ့ ဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းလိုက်တဲ့အပေါ် လွန်စွာမျှော်လင့်ချက်ကင်းမဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

စစ်တပ်ဟာ အနိုင်ရ အန်အယ်လ်ဒီပါတီအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်တာဟာ ဒီမိုကရေစီယဉ်ကျေးမှုကို ပျက်ပြားစေသလို ပြည်သူလူထုရဲ့ရင်ထဲမှာ ဆိုးရွားတဲ့အမှတ်တရ ထင်ကျန်စေတယ်လို့ ဆိုပါတယ်။

ဒီလိုအကြောင်းတွေကြောင့်  ဖမ်းဆီးခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် အာဏာသိမ်းမှုမှာဖမ်းဆီးခံရသူတွေအားလုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တပ်မတော်ကို ဝိုင်းဝန်းဖိအားပေးကြဖို့ တိုက်တွန်းကြောင်း၊ ဖမ်းဆီးခံရတဲ့ နိုင်ငံ ခေါင်းဆောင်တွေပြန်လွှတ်ပေးရေး တောင်းဆိုဆန္ဒပြတဲ့သူတွေကို အရေးယူနှိပ်ကွပ်တာ မလုပ်ဖို့နဲ့  ပြည်သူတွေရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ ဆက်သွယ်ရေးလမ်းကြောင်း အမျိုးမျိုးပိတ်ဆို့တားမြစ် ခြင်းကိုရပ်တံ့ဖို့ တပ်မတော်ကို ဝိုင်းဝန်းဖိအားပေးဖို့ တိုက်တွန်းတောင်းဆိုကြောင်း ထုတ်ပြန်ထားပါ တယ်။ 

နိုင်ငံတကာအစိုးရနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေအနေနဲ့ အာဏာသိမ်းစစ်အစိုးရရဲ့ နိုင်ငံရေး စီးပွားရေးဆောင်ရွက်ချက်တွေကို သပိတ်မှောက်ကြဖို့ တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

Move Forward Party ဟာ အရင်က Future Forward Party ဆိုတဲ့အမည်နဲ့ ရွေးကောက်ပွဲဝင်ခဲ့ပြီး  အောက်လွှတ်တော်အမတ်ဦးရေ တတိယအများဆုံးရခဲ့ပေမယ့်  စစ်ကောင်စီ အစိုးရက အပြစ်အမျိုးမျိုးရှာပြီး တရားစွဲခဲ့ကာနောက်ဆုံး ပါတီဖျက်သိမ်းခံခဲ့ရသလို ပါတီခေါင်းဆောင်တွေလည်း နိုင်ငံရေးလှုပ်ရှားခွင့် ၁၀ နှစ် ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

မနေ့က ဘန်ကောက်မြန်မာသံရုံးရှေ့မှာ ထိုင်းရောက်မြန်မာတွေ ကန့်ကွက်ဆန္ဒပြနေကြတာကို Move Forward Party ပါတီခေါင်းဆောင် နိုင်းထနားထွဏ်း ကျင်ရုန့်ရိန်းကစ်ကလည်း လာရောက်ကြည့်ရှုအားပေးသွားခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024