Home
မြန်မာသတင်း
မိုးညိုမြို့နယ် ကျေးရွာပေါင်း ၁၅၀ ရေနစ်မြုပ်၊ အကူညီလိုအပ်
နော်နိုရင်း
·
September 25, 2013
1238014_162240820649074_1479894232_n
1175049_162240770649079_1695798269_n
1175049_162240770649079_1695798269_n
1175049_162240770649079_1695798269_n
ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၅၀ လောက် ရေနစ်မြုပ်နေပြီး အကူညီတွေ လိုအပ်နေပါတယ်။ ပဲခူးတိုင်း ဒေသကြီးမိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၅ အုပ်စု ကျေးရွာပေါင်း ၁၅၀ လောက် ရေးဘေးကြုံတွေ့နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မိုးညိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့ဝင် ကိုလှိုင်ဝင်းကျော်က ပြောပါတယ်။ “တချို့တွေက ခေါင်တွေမြုပ်ပြီးတော့ နွားတွေကိုလည်း တာပေါ်တွေမှာ တင်ထားရတယ်။ မိုးညိုမြို့နယ် ဧရာဝတီမြစ်ကမ်းတလျှောက် ရွာတွေမှာ အခုချိန်ထိကြီးနေတုန်းပဲ။ မြစ်ရေကတော့ နည်းနည်း ပြန်ကျသွားပြီ။ တောင်ပေါ်ရေကခံနေတော့ ရေက ရှိနေတုန်းပဲ။ တပတ်လောက်ရှိပြီ။ စားဝတ်နေရေး အတော်အခက်ခဲဖြစ်တယ်။” မိုးညိုမြို့နယ် ဆင်မနိုင်ဇုန် ဆင်ကောင်းကျေးရွာအုပ်စုမှာနေထိုင်တဲ့ လယ်သမားတဦးကတော့ ဒီနှစ်ရေကြီးတာဟာ ၁၀ နှစ်အတွင်း အဆိုးဆုံးဖြစ်ပြီး ရွာတွေ၊ လယ်နဲ့ တခြားစိုက်ပျိုးမြေတွေ ရေနစ်မြုပ်မှု အခြအနေနဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။ “ရေဘေးသင့် ဒုက္ခသည်တွေဆို တောင်ပေါ်တွေမှာ တင်ထားတယ်။ တော်တော်လေးတော့ အတိဒုက္ခရောက်နေကြတယ်။ တချို့ရွာတွေဆိုရင် ရေကလူတရပ် နက်တယ်။ အိမ်တွေဆိုရင် ရေမြုပ်တယ်။ တချို့အိမ်သေးသေးလေးတွေဆိုရင် ၀ါးအိမ်လေးတွေဆိုရင် အိမ်ခေါင်ထိမြုပ်တဲ့ အိမ်လေးတွေရှိတယ်။ လယ်ကတော့ စိုက်ဧက ၇၀၀ လောက်ပျက်စီးတယ်။ ဆောင်းသီးနှံ ပဲက ဧက ၂၀၀ လောက် မြုပ်တယ်ပေါ့။ ရေဘေးသင့် အိမ်ထောင်စုပေါင်း ကျနော်တို့ ဆင်မ အုပ်စုဆိုရင် ၃၅၀ လောက် အတိဒုက္ခရောက်ခဲ့တယ်။” စက်တင်ဘာလ ၂၅ ရက်နေ့ကတည်းက မြစ်ရေပြန်ကျသွားပေမယ့် ကျေးရွာတွေမှာ တင်နေတဲ့ရေက တော့ မကျနိုင်သေးဘဲဖြစ်နေပြီး ရေကြီးမှုကြောင့် ပျက်စီး သွားတဲ့ စိုက်ဧကတွေ ပြန်စိုက်ဖို့ အချိန်မမှီတော့တဲ့ အတွက် လာမယ့်စိုက်ပျိုးရာသီမှာ အခက်အခဲဖြစ်နိုင် တယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဒီလို မိုးညိုမြို့နယ်အတွင်းကြုံတွေ့နေရတဲ့ ရေဘေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ကနေပြီး ကျပ်ငွေ ၂၅ သိန်း လှူဒါန်းထားပါတယ်။ ဒီအလှူငွေဟာ ဒေသခံတွေအတွက် စားသောက်ရေးအတွက်သာ ကူညီနိုင်မှာဖြစ်ပြီး ကျန်နေတဲ့ တခြားလိုပါချက်တွေကို ဖြည့်စွက်ပေးနိုင်မှာ မဟုတ်ဘူးလို့ မိုးညိုမြို့ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သာယာဝတီခရိုင် တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။ “စားဝတ်နေရေး တော်တော်လေးကို ကျပ်တည်းတာဗျာ။ ကျနော်လည်း တော်တော်လေး စိတ်မကောင်းဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် အနည်းဆုံး မိသားစု တအိမ်ထောင်ကို ဆန်တစိပ်၊ ရှစ်ပြည်လောက်တော့ ပေးသင့်တာပေါ့လေ။ ကျနော်တို့ အနည်းဆုံးပေါ့။ အခုဟာက ကျနော်တို့ နှစ်ပြည်နှုန်းတောင်မှ ကျနော်တို့က ဘယ်လိုမှ လုံလုံလောက်လောက်မပေးနိုင်ဘူး ဖြစ်နေတော့ စိတ်မကောင်းစရာပေါ့လေ။ စိတ်မကောင်းတာကလွဲလို့ အခြားဘာမှ ကျနော်တို့ လုပ်ပေးလို့ မရတော့ဘူး ဖြစ်သွားတာပေါ့။” အခုလဆန်းပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုတွေကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ်တော်တော်များများမှာ ရေကြီးရေ လျှံမှုတွေ ဖြစ်ပွားနေတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024