DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံမြန်မာခေါင်းဆောင်များကို လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီတွင် တောင်းဆိုမည်
DVB
·
February 2, 2021
ဖမ်းဆီးခံမြန်မာခေါင်းဆောင်များကို လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီတွင် တောင်းဆိုမည်
Donate to DVB

ရွေးကောက်ပွဲမှာ ဖော်ပြခဲ့တဲ့ ပြည်သူ့ဆန္ဒကို လေးစားလိုက်နာဖို့နဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုရမယ့် ကိစ္စတွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိဖြစ်တဲ့ ဗြိတိန် သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်က အေပီသတင်းကို ပြောပါတယ်။

ဒီလို ရလဒ်မျိုးတွေထွက်လာအောင် အရေးယူမှုတွေကို စဉ်းစားဖို့ လိုတယ်ဆိုပါတယ်။ 

မြန်မာနိုင်ငံအတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက်  နောက်ဆုံးဖြစ်ထွန်းမှုတွေ နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ရွေးကောက်ခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရနဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေကို ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း  ဖမ်းဆီးထိန်းသိမ်းခဲ့အပြီး စစ်တပ်က စစ်အာဏာသိမ်းခဲ့တာပါ။

အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ အင်္ဂါနေ့မှာ မြန်မာအရေး တံခါးပိတ် ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ သံတမန်တွေက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်က “ မြန်မာရဲ့ အာရှနဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းတွေနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်သွားမယ်။ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာလကြာရှည် ခြိမ်းခြောက်မှုတွေကို နာမည်တပ် ဆွေးနွေးချင်တယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။

၂၀၁၇ တုန်းက မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့  ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့လည်း ကုလမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ပြီး ဘယ်အရေးယူမှုကိုမဆို ရုရှားနဲ့ တရုတ်တို့က ကာကွယ်ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း အာဏာသိမ်းမှုကြောင့်  နိုင်ငံထဲမှာရှိနေဆဲ ရိုဟင်ဂျာလို့ သူတို့ကိုယ်သူတို့ ခေါ်ကြတဲ့ မွတ်စလင်တွေ အယောက် ၆ သိန်းအတွက် အခြေအနေ ပိုဆိုးမှာကိုလည်း ကုလသမဂ္ဂက စိုးရိမ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။  မြန်မာအစိုးရက ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပါဘူး။ 

ကုလသမဂ္ဂကတော့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ဆော်သြထားတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ဒူဂျာရစ်က ပြောထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးသံတမန်က တက်တက်ကြွကြွ ဆောင်ရွက်နေဆဲဖြစ်ပြီး လုံခြုံရေးကောင်စီမှာ မိန့်ခွန်းပြောမယ့် အလားအလာရှိတယ်လို့ ဒူဂျာရစ်က ဆက်ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သံတမန်တွေဟာ ရခိုင်ပြည်နယ်အတွင်း နှိမ်နင်းမှုတွေအပြီး မြန်မာနိုင်ငံကို ၂၀၁၈ ခုနှစ် ဧပြီမှာ မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ အထူးသံတမန် တွမ် အန်ဒရူးကလည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းခေါင်းဆောင်တွေ နားလည်နိုင်တဲ့ ဘာသာစကားနဲ့ အရေးယူဆောင်ရွက်မှုတွေကို လုပ်ဖို့ လိုတယ်လို့ DW သတင်းဌာနကို ပြောထားပါတယ်။

မြန်မာပြည်မှာ ဖြစ်နေတာတွေက ပြည်သူလူထုရဲ့ ဒီမိုကရေစီယုံကြည်ချက်၊ လူ့အခွင့်အရေး တိုးတက်မှုတွေကို စနစ်တကျ ပိတ်ပင်မှု ဖြစ်တယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013