အိပ်ခ်ျအိုင်ဗွီ ကျောင်းသားများအပေါ် ခွဲခြားဆက်ဆံမှုရှိနေ
DVB
·
September 25, 2013
အောက်မြန်မာပြည် ဆေးသုတေသနဌာနက မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီပိုးရှိသူ ကျောင်းသားကျောင်းသူတွေအပေါ် စာသင်ကျောင်းတွေက ခွဲခြားဆက်ဆံနေတဲ့အပေါ် စစ်တမ်းကောက်နေပြီလို့ ဆေးသုတေသန ပညာရှင်တဦးက ပြောပါတယ်။
“ကလေးငယ်တွေကို သတ်သတ်လေ့လာတဲ့ သုတေသနကကျတော့ အခု လုပ်နေ တုန်းပါပဲ။ အချက်အလက် ကောက်နေတုန်းပါပဲ။ အဲ့ဒီဟာတွေရဲ့ တွေ့ရှိချက်တွေကတော့ ရှေ့နှစ်လောက်ကျမှ ထွက်လာမှာပေါ့နော်။ အခု ဒီတင်ပြတဲ့ သုတေသနကတော့ အိမ်ထောင်စုတွေလို့ ပြောလိုက်တဲ့အတွက် ကလေးတွေတချို့ ပါတယ်ပေါ့နော်။ ကလေးတွေရဲ့ ပညာရေးကိုလည်း ဒီသုတေသနမှာ ကျမတို့ တင်ပြထားတယ်။”
ဒီစစ်တမ်းဟာ ၂၀၁၄ ခုနှစ်လောက်မှာ ထွက်ပေါ်လာမှာဖြစ်ပြီး အခု လက်ရှိအထိ ကောက်ထားတဲ့ စစ်တမ်းတွေအရ ကျောင်းနေအရွယ်ကလေးတွေထဲက ၄ ရာခိုင်နှုန်းကျော်ဟာ အိပ်ခ်ျအိုင်ဗွီပိုးရှိလို့ ကျောင်းတွေကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ အိပ်ခ်ျအိုင်ဗွီ စရှိတဲ့အချိန်တုန်းကနေ အခုအချိန်အထိတော့ သူတို့က နည်းလာပြီလို့ ပြောပေမယ့် အခုလိုမျိုး လေ့လာလိုက်တော့ ထွက်လာတာပဲ ရှိနေတုန်းပဲ။ အထူးသဖြင့် ကျောင်းပတ်ဝန်းကျင်မှာ တော်တော်ဆိုးတာပေါ့နော်။ ကျောင်းပတ်ဝန်းကျင်မှာ ဆရာနဲ့ ဆရာမကိုယ်တိုင်က ခွဲခြားတာ၊ တခြားမိဘတွေက ခွဲခြားတာ၊ ဆရာမတွေကြားထဲမှာ နားလည်သဘောပေါက်မှု တက်လာအောင်ပေါ့နော်။ ဒီ အိပ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့ ကလေးကိုလည်း ကျောင်းမှာ ပညာသင်ခွင့်ဆက်လက်ရအောင်၊ သူတို့ ဒီလိုအခြေအနေမျိုး ကြုံတွေ့လာရင်လည်း ဘယ်လို ကိုင်တွယ်မလဲပေါ့နော်။ အဲ့ဒီလိုမျိုး ဆရာမတွေကို လုပ်ပေးဖို့လိုတယ်လို့ ထင်ပါတယ်။”
အောက်မြန်မာပြည် ဆေးသုတေသနဌာနဟာ ၂၀၁၂ ခုနှစ်အတွင်းကလည်း တိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ မြို့နယ်ပေါင်း ၂၅ ခုက အိပ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်နေတဲ့ မိသားစုဝင်အိမ်ထောင်စုပေါင်း ၄၀၀ နီးပါးကို လူမှုစီးပွားနဲ့ လုပ်ငန်းခွင်အတွင်း ခွဲခြား ဆက်ဆံခံရမှုအပေါ် စစ်တမ်းကောက်ယူခဲ့ပါတယ်။
အဲဒီစစ်တမ်းအရ အိပ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်နေတဲ့ အလုပ်သမား ၄၀ ရာခိုင်နှုန်းဟာ အလုပ်က ထွက်ခဲ့ရသလို ၂၂ ရာခိုင်နှုန်းကလည်း အလုပ်ခန့်ဖို့ ငြင်းဆိုခံခဲ့ရတယ်လို့ သိရပါတယ်။