မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်အားလုံးကို ဖမ်းဆီးလိုက်ပြီးနောက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသားတချို့ ဒီကနေ့ မြန်မာသံရုံးတွေမှာ သွားရောက် ဆန္ဒပြနေကြပါတယ်။
ဘန်ကောက်မှာဆိုရင် ဆန္ဒပြသူအင်အား ၅၀ ကျော်ဟာ အန်အယ်လ်ဒီ တံဆိပ်ပါ နှာခေါင်းစည်းတွေ၊ တီရှပ်အနီရောင်တွေ ဝတ်ဆင်ကာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ စစ်တပ်အာဏာ သိမ်းမှုကိုဆန့်ကျင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ထောက်ခံကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။
ညနေ ၃ နာရီခွဲလောက်မှာ ထိုင်းစစ်အစိုးရကိုဆန္ဒပြခဲ့တဲ့ We Volunteers လို့ခေါ်တဲ့ အဖွဲ့ကပါ လာရောက်ပူးပေါင်းပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ဘန်ကောက် ယန်နာဝါနယ်မြေရဲတပ်ဖွဲ့တွေက မြန်မာသံရုံးရှေ့မှာ သံတံတိုင်းတွေနဲ့ လာရောက် ကာရံထားပြီး ညနေ ၄ နာရီကျော် (ထိုင်းစံတော်ချိန်) မှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်တဲ့အနေနဲ့ လူစုလူဝေးမလုပ်ဖို့ လာရောက်တားဆီးတာကြောင့် ဆန္ဒပြသူတွေ လူစုကွဲသွားကြပါတယ်။
ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မှာလည်း မြန်မာရွှေ့ပြောင်းလုပ်သားတချို့ဟာ ဒေါ် အောင်ဆန်းစုကြည် ဓာတ်ပုံပါဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနဲ့ အန်အယ်လ်ဒီထောက်ခံကြောင်း၊ ဖမ်းထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ ပြန်လွှတ်ပေးဖို့ တစ်နာရီခန့် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတစ်ဦးက ဒီလိုအာဏာသိမ်းမှုအပေါ် လွန်စွာဝမ်းနည်းမိကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေ းအတွက် အဘက်ဘက်က ဆောင်ရွက်နေချိန် အခုလိုပြုမူတာဟာ တိုင်းပြည်ကို ဖျက်ဆီးရာ ကျကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဖမ်းထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေအားလုံး အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း၊ ချင်းမိုင်ရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေရော ထိုင်းရောက်မြန်မာနိုင်ငံသားတွေအားလုံးပါ အာဏာသိမ်းမှုကို ဝိုင်းဝန်ဆန့်ကျင်ဆန္ဒပြဖို့ တိုက်တွန်းကြောင်း ထိုင်းရတ်သတင်းဌာနကို ပြောသွားပါတယ်။
အဆိုပါနေရာကို ချန့်ဖိုတ်ရဲတပ်ဖွဲ့က လာရောက်စောင့်ကြပ်ခဲ့ကြပါတယ်။
ကိုးကား - bangkokbiznews.com