သစ်ခုတ်ခဲ့မှုကြောင့် တိုင်းပြည်နစ်နာမှုများ ပြန်ပေးဆပ်မည်ဟု ဦးတေဇပြော
DVB
·
September 25, 2013
သစ်ခုတ်တာနဲ့ သစ်ထုတ်တဲ့ စီးပွားရေးလုပ်ငန်းလုပ်ခဲ့လို့ တိုင်းပြည် ထိခိုက် နစ်နာခဲ့ရတာတွေကို ပြန်ပေးဆပ်တဲ့အနေနဲ့ လူမှုရေးလုပ်ငန်းတွေကို ပိုပြီး လုပ်သွားမယ်လို့ ထူးဖောင်ဒေးရှင်းတည်ထောင်သူ သူဌေးကြီး ဦးတေဇက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့က ကုန်သည်ကြီးများဟိုတယ်မှာလုပ်တဲ့ ဂမ်လန်ရာဇီ တောင်တက်သမားတွေကို ဂုဏ်ပြုတဲ့ ညစာစားပွဲနဲ့ ဖြေဖျော်ပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
တောင်ငူ၊ ဗန်းမော်၊ ကသာ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ် တွေမှာ သစ်ထုတ်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ ဦးတေဇအနေနဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့နယ်စပ်တွေမှာ လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ ကချင်ပြည်နယ် အစွန်အဖျားဒေသတွေမှာ လိုအပ်တဲ့ လျှပ်စစ်မီးရရှိရေး စတာတွေကို လုပ်ပေးသွားမယ်လို့ သူက ပြောခဲ့ပါတယ်။
ဦးတေဇဟာ အရင်စစ်အစိုးရခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ လုပ်ငန်းရှင် သူဌေးကြီးတဦးဖြစ်ပြီး အမေရိကန်နိုင်ငံက နာမည်ပျက်စာရင်း သွင်းထားခံရသူလည်း ဖြစ်ပါတယ်။