မန်စီးတီးနှင့် အမှတ်ကွာဟချက်ကြီးမားသွားခဲ့သည့် မန်ချက်စတာယူနိုက်တက်

အာဆင်နယ်အသင်းနဲ့ အမ်းမရိတ်ကွင်းမှာ ဂိုးမရှိ သရေကျခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးယားလိဂ်နောက်ဆုံး ၄ ပွဲမှာ ၃ ကြိမ်မြောက် အမှတ်ဆုံးရှုံးခဲ့ရပြီလည်း ဖြစ်ပါတယ်။

ယူနိုက်တက် တိုက်စစ်မှူးကာဗာနီဟာ ဒီပွဲမှာ အပိုင်အခွင့်အရေး ၂ ကြိမ် ရရှိခဲ့ပေမယ့် ဂိုးအဖြစ် အဆုံးမသတ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်အသင်းအတွက် နစ်နာခဲ့ရပြီး အာဆင်နယ်အသင်းကလည်း ဒီပွဲမှာ အမှတ်ရဖို့ ထိုက်တန်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းအတွက် လာကာဇတ်ရဲ့ ဖရီးကစ်ကန်ချက် ဘားထိခဲ့သလို စမစ်ရိုးနဲ့  ပေပေတို့ရဲ့ ကန်သွင်းမှုတွေကိုလည်း ဒီဂီယာ ကာကွယ်ခဲ့ရပါတယ်။ အာဆင်နယ် ဂိုးသမား လီနိုဟာလည်း ဖရတ်ရဲ့ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ရီးရဲလ်ကနေ အငှားနဲ့ ခေါ်ထားတဲ့ ကစားသမားသစ် အိုဒီဂတ်ကို လူစားလဲ အသုံးပြုခဲ့ပေမယ့် ပွဲအပေါ် အပြောင်းအလဲ ကြီးကြီးမားမား မဖြစ်စေခဲ့တာကြောင့် ဂိုးမရှိ သရေရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ယူနိုက်တက်အသင်းဟာ မြို့ခံပြိုင်ဘက်မန်စီးတီးအသင်းထက် ၁ ပွဲ ပိုကစား  ပြီးချိန်မှာ အမှတ်ကွာဟချက် ၃ မှတ်အထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီပွဲမှာ အားထားရတဲ့ ကစားသမားတွေဖြစ်တဲ့ ဆာကာ၊ တီယာနေးတို့ကို လက်လွှတ်ခဲ့ရပြီး အသင်းခေါင်းဆောင် အူဘာမီယန်းကလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေကြောင့် လွဲချော်ခဲ့ပါတယ်။

အဓိကကစားသမားတွေ မပါတဲ့ အာဆင်နယ်ဘက်ကို ဂိုးမသွင်းနိုင်ခဲ့တာဟာ မန်ယူနိုက်တက်အသင်းအတွက် နစ်နာမှုဖြစ်ပေမယ့် အာဆင်နယ်အသင်းကတော့ ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်ထားမှုကနေ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အမ်းမရိတ်ပွဲအပြီးမှာ ပရီးမီးယားလိဂ် ၁၈ ပွဲဆက်တိုက် အိမ်ကွင်းအဝေးကွင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ စံချိန်သစ်တစ်ခုကို ရရှိခဲ့ပါတယ်။ 

ဒါပေမဲ့ နည်းပြဆိုးလ်ရှားကတော့ စနေနေ့ ရလဒ်အပေါ် ကျေနပ်အားရမှုရှိတဲ့ပုံစံမျိုးမှာတော့ မရှိပါဘူး။ သူဟာ သီတင်းပတ်အလယ်ပိုင်းမှာ ရှက်ဖီးလ်အသင်းကို အံ့သြသင့်ဖွယ် ရှုံးနိမ့်ခဲ့မှုကနေ ရုန်းထွက်ဖို့အတွက် သေချာပြင်ဆင်လာခဲ့တာဖြစ်ပြီး ဒါကို တွမ်မီနေးဒဏ်ရာရရှိခဲ့ပြီးနောက် တိုက်စစ်မှူး မာရှယ်ကို လူစားလဲလိုက်ခြင်းမှာ အထင်းသားမြင်ရပါတယ်။

ဒါပေမဲ့ ဆိုးလ်ရှားရဲ့အသင်းဟာ ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရသလို လိုအပ်နေတဲ့ ၃ မှတ်ကို ဆုံးရှုံးခဲ့ကာ ၁ မှတ်သာ ရရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up