မကွေးတိုင်း ငဖဲမြို့နယ် လေးအိမ်စုကျေးရွာမှာ ဇန်နဝါရီ ၃၀ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲလောက်က နေအိမ် ၃၈ လုံးနဲ့ ဓမ္မာရုံ ၁ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောပါတယ်။
မင်းဘူးခရိုင် လေးအိမ်စုကျေးရွာမှာ မီးလောင်နေတယ်လို့ သတင်းရတာကြောင့် ငဖဲမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်တဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေနဲ့ ငဖဲမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး ညနေ ၅ နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ ဒုရဲမှူးကျော်သန်းက ပြောပါတယ်။
အဲဒီ မီးလောင်တဲ့နေရာကို မီးသတ်ယာဥ် ၄ စီး အသုံးပြု ငြှိမ်းသတ်ခဲ့ပြီး မီးကြွင်းမီးကျန်ကနေတဆင့် နေအိမ် ၃၈ လုံး မီးလောင်ကျွမ်းခဲ့ကာ သိန်း ၄၀၀ ကျပ်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်နဲ့ပတ်သက်လို့ မီးကို ပေါ့ဆစွာ အသုံးပြုခဲ့တဲ့ လေးအိမ်ကျေးရွာက နေအိမ်ပိုင်ရှင် ဒေါ်ချိုကို ငဖဲမြို့မရဲစခန်းမှာ မီးပေါ့ဆမှု ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
သတင်း-မင်းထီး