မကွေးတိုင်းဒေသကြီး ချောက်မြို့က ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးခဲ့တဲ့ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် အားကစားဦးစီးမှူးဆီမှာ ဇန်နဝါရီ ၂၉ ရက် ညပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ချောက်မြို့နယ် ဆရာဝန်ကြီးက ပြောပါတယ်။
“ဟုတ်တယ်၊ မြို့နယ်အား/ကာက ဦးစီးမှူး အနံ့ပျောက်လို့ စစ်ဆေးလိုက်တာ Positive ထွက်သွားတယ်။ ပထမအကြိမ် ကာကွယ်ဆေးအဖြစ် ၂၇ ရက်နေ့က ထိုးးထားတဲ့ အထဲမှာပါတယ်” လို့ ချောက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ကစတင်ပြီး ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိဌာနက ဝန်ထမ်း ၃၄၀ ကို ပထမအကြိမ် ကာကွယ်ဆေး စတင်ထိုးနှံခဲ့တာ ဖြစ်ပါတယ်။
ချောက်မြို့နယ်မှာ ဇန်နဝါရီလအတွင်း အနံ့ပျောက်ပိုးတွေ့သူ ၃၄ ဦးအထိရှိလာပြီး ထိစပ်သူတွေကတဆင့် ပိုးတွေ့သူ များလာသလို အခုလအတွင်း ပိုးတွေ့သူပေါင်း ၉၅ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။
ချောက်မြို့နယ်အတွင်း ပိုးတွေ့လူနာပေါင်းက ၁၈၂ ရှိနေပြီး နှစ်ဦးကို တိုင်းကျန်းအာရေး မကွေးကို လွှဲပြောင်းခဲ့ရပြီး Positive Center နှစ်ခုမှာ ကုသဆဲလူနာက ၅၃ ဦးအထိရှိနေပြီး လက်ရှိ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)