Home
မြန်မာသတင်း
အိမ်ခြံမြေရောင်းဝယ်မှု အခွန်နှုန်းသစ်ဖြင့် စည်းကြပ်တော့မည်
DVB
·
September 24, 2013
ရန်ကုန်မှာ ဒီလကုန်ကစပြီး အိမ်ခြံမြေရောင်းဝယ်တဲ့အပေါ် အခွန်နှုန်းထားတွေကို  နှုန်းထားအသစ်တွေနဲ့ စည်းကြပ်တော့မှာဖြစ်ပါတယ်။ မြေယာနှင့်အိုးအိမ်တို့အပေါ်အခွန်နှုန်းထားသစ်တွေကို မြို့နယ်အလိုက် သတ်မှတ်လိုက်တာဖြစ်ပြီး လာမယ့်အောက်တိုဘာ ၁ ရက်နေ့ကစပြီးတော့ နှုန်းထားအသစ်နဲ့ စတင် စည်းကြပ်တော့မှာ ဖြစ်ပါတယ်။ အဆမတန်မြင့်တက်နေတဲ့ အိမ်ခြံမြေဈေးနှုန်းကို အစိုးရက ထိန်းဖို့အတွက် လွှတ်တော်တွေမှာ အခြေအတင် ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အစိုးရပိုင်းက စတင် အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။ ဒီတန်ဖိုးနှုန်းထားတွေကို သတ်မှတ်တဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က စိစစ်ထုတ်ပြန်တဲ့ နှုန်းထားသစ်အရ ရန်ကုန်မြို့ရဲ့ ကွန်ဒိုတိုက်ခန်းတွေထဲမှာဆိုရင် လမ်းမကြီးလည်းဖြစ်၊ စီးပွားရေးအရလည်း အချက်အချာကျတဲ့ ဧရိယာဝန်းကျင်မှာ ၁ စတုရန်းပေပတ်လည်ကို ကျပ် ၁ သိန်းကနေ ၁ သိန်း ၅ သောင်းထိ စည်းကြပ်မှာဖြစ်ပါတယ်။ လမ်းအတွင်းပိုင်းမှာ  ၁ စတုရန်းပေပတ်လည်ကို ကျပ် ၉ သောင်းကနေ ၁ သိန်း  စည်းကြပ်မှာ ဖြစ်ပါတယ်။ မြေကွက်တွေထဲမှာဆိုရင် ကမာရွတ်မြို့နယ် အင်းလျားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ သံလွင်လမ်းတွေမှာ ၁ စတုရန်းပေပတ်လည်ကို ကျပ် ၁ သိန်း ၇ သောင်း ၅ ထောင်နှုန်းရှိပြီး ကျောက်တံတားမြို့နယ်မှာတော့ ၁ စတုရန်းပေပတ်လည်ကို ကျပ် ၂ သိန်းကနေ ၂ သိန်း ၄ သောင်းနှုန်း၊ ဒဂုံမြို့နယ် ပြည်လမ်းမပေါ်မှာတော့ ၁ စတုရန်းပေပတ်လည်ကို ကျပ် ၃ သိန်း ၂ သောင်း ၅ ထောင်နှုန်း အခွန်စည်းကြပ်သွားမှာဖြစ်ပါတယ်။ စက်မှုဇုန်မြေဧကတွေမှာဆိုရင် လှိုင်သာယာ ရွှေလင်ပန်းမှာ ၁ဧကကို ကျပ် သိန်း ၂ ထောင်နှုန်း၊ လှိုင်သာယာ ငွေပင်လယ်စက်မှုဇုန်မှာ ၁ ဧက ကျပ် သိန်း ၁၄၅၀ နှုန်း ရှိပြီးတော့ ဒဂုံဆိပ်ကမ်း စက်မှုဇုန် ၁၊၂ မှာတော့ ၁ ဧက ကျပ်သိန်း ၇၀၀ နှုန်းနဲ့ အခွန်စည်းကြပ်သွားမှာ ဖြစ်ပါတယ်။ အခုတင်ပြခဲ့တဲ့နှုန်းထားတွေကတော့ အမြင့်ဆုံးသတ်မှတ်ထားတဲ့ နှုန်းထားတချို့ကို ဖော်ပြခဲ့တာပါ။ အိမ်ခြံမြေရောင်းဝယ်မှုအပေါ် လက်ရှိစည်းကြပ်နေတဲ့အခွန်နှုန်းထားကတော့ ၀င်ငွေခွန်အပေါ် ၃၀ ရာခိုင်နှုန်းနဲ့ တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းပေါင်းပြီးတော့ ၃၇ ရာခိုင်နှုန်း အခွန် စည်းကြပ် သွားမှာဖြစ်ပါတယ်။ အိမ်ခြံမြေရောင်းဝယ်တဲ့အပေါ်မှာ အရင်ကတည်းက ကာလတန်ဖိုး စိစစ်ရေးအဖွဲ့က တန်ဖိုးဖြတ်ပြီး အဲဒီတန်ဖိုး အပေါ်မှာ အခွန်စည်းကြပ်မှု ရှိခဲ့တာပါ။ ဒါပေမယ့် အဲ့ဒီတုန်းက အခွန်စည်းကြပ်ဖို့အတွက် ကာလတန်ဖိုးကို ဒီတန်ဖိုးဖြတ်အဖွဲ့တခုတည်းကသာ သိရှိတာဖြစ်ပေမယ့် အခုပြုလုပ်တဲ့စနစ်ကတော့ အများပြည်သူကပါ သိရှိတာဖြစ်လို့ ပိုမိုပွင့်လင်းမြင်သာမှု ရှိစေတယ်လို့ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှာ ပါဝင်တဲ့ ပြည်တွင်း အခွန် ဦးစီးဌာန ရန်ကုန်တိုင်းအခွန်ဦးစီးမှူး ဦးကျော်ကျော်က ပြောပါတယ်။ ဒါကြောင့် အခုဆိုရင် ပြည်သူလူထုနဲ့အခွန်ဝန်ထမ်းတွေအကြားမှာ အပြန်အလှန် ယုံကြည်မှုက အရင်ကထက် ပိုမိုရရှိစေမယ်လို့ ဆိုပါတယ်။ “ပြည်သူကလည်း အခွန်ဝန်ထမ်းအပေါ်မှာ မယုံဘူး။ အခွန်ဝန်ထမ်းဘက်ကလည်း အခွန်ထမ်းတယောက်က လာတင်ပြပြီဆိုရင် မယုံဘူး။ လျော့တော့ တင်ထားမှာပဲဆိုပြီး တဦးနဲ့တဦး အမြင်နှစ်ဘက်မတူညီကြဘူး။ အခုကြတော့ ဒီလိုလုပ်မလို့မရတော့ဘူး။ နှစ်ဦးနှစ်ဘက်က ပွင့်လင်းမြင်သာရတော့မယ်။ မှန်မှန်ကန်ကန် တင်ပြလာကြတော့မယ်။ ကျနော်တို့က ဒီလို စည်းမျဉ်းတွေ သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် အခွန်ထမ်းကလည်း မှန်မှန်ကန်ကန်လုပ်လာရတော့မယ်။ နှစ်ဦးနှစ်ဘက် ယုံကြည်မှုတည်ဆောက်ဖို့ လုပ်နေရမှာပါ။” အခုလို ပွင့်လင်းမြင်သာမှုရှိလာတာကြောင့် အခွန်ထမ်းဆောင်ရမယ့် အများပြည်သူတွေ အနေနဲ့လည်း ဒါဟာ မျှတမှုရှိပြီး ပွင့်လင်းမြင်သာမှုရှိတာဖြစ်လို့ မှန်မှန်ကန်ကန် အခွန် ထမ်းဆောင်လိုသူတွေ ပိုများလာနိုင်တာကြောင့် အခွန်ရရှိမှုလည်း မြင့်တက်လာမှာ ဖြစ်တယ်လို့ ဦးကျော်ကျော်က ပြောပါတယ်။ အခွန်နှုန်းထားသစ်တွေ သတ်မှတ်လိုက်တာကြာင့် ရန်ကုန်အိမ်ခြံမြေ ဈေးနှုန်းတွေ အပေါ် လတ်တလောဘယ်လို သက်ရောက်မှုတွေရှိနေပြီလဲဆိုတာနဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသန်းဦးက “ဈေးနှုန်းကြီးမြင့်နေမှုကို အထိုက်အလျောက်တော့ ထိန်းချုပ်သွားနိုင်ပေမယ့် ထူးထူးခြားခြားတော့ ဈေးတွေကျ မသွားနိုင်ပါဘူး။ လက်ရှိနှုန်းထား အတိုင်းဆက်သွားနေမယ့်သဘောမှာ ရှိတဲ့အပြင် အရောင်းအ၀ယ်ကလည်း အသင့်တင့် ပြန်တက်လာမှာဖြစ်တယ်လို့” ပြောပါတယ်။ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ကို အခွန်ဘဏ္ဍာဝန်ကြီးဌာနအပါအ၀င် ၀န်ကြီးဌာနတွေ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စုပေါင်းဖွဲ့စည်းထားတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024