ဥရောပ လေ့လာရေးခရီးစဉ်နှင့်ပတ်သက်ပြီး ဦးမြအေးကို မေးမြန်းချက်

ဦးမြအေး
ဥရောပတိုက်က နော်ဝေနဲ့ ဂျာမနီနိုင်ငံတွေကို သွားရောက်လေ့လာနေတဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးကို  ဒီဗွီဘီ သတင်းဌာနက လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဥရောပရွေးကောက်ပွဲတွေ၊ ပီအာရ်စနစ်၊ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေနဲ့ ပတ်သက်ပြီး  တွေ့ဆုံ မေးမြန်းထားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ရယ်၊ နိုင်ငံရေးကိုယ်စားလှယ်တချို့ရယ်၊ ဒီဥရောပနိုင်ငံတွေ လေ့လာရေးခရီးစဉ်နဲ့ ပတ်သက်ပြီး မိတ်ဆက်နည်းနည်း ရှင်းပြပေးပါ။ “ကျနော်တို့ နော်ဝေနိုင်ငံကို အဓိကလာတဲ့ခေါင်းစဉ်ကတော့ နော်ဝေနိုင်ငံမှာ ကျင်းပတဲ့ ရွေးကောက်ပွဲလေ့လာရေးခရီးစဉ်လို့ ခေါင်းစဉ်တော့ တပ်ထားတယ်ပေါ့ဗျာ။ ဒါပေမယ့် ရွေးကောက်ပွဲက ၂ ရက်တည်းပဲ။ ၁ ရက်တည်းပဲ အဓိကပြောမယ်ဆိုရင် လေ့လာရတာကို အဲဒီခေါင်းစဉ်က သပ်သပ်ပေမယ့် ကျနော်တို့ တကယ့်လေ့လာရတာက နော်ဝေနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အခွန်အကောက် ကောက်ခံဖို့စနစ် အစရှိသဖြင့် စာရင်းဇယားကောက်ယူမှုအစုံ အသေးစိတ်ကို တော်တော်များများ လေ့လာရတဲ့ ခရီးစဉ်လို့ ကျနော် ပြောချင်ပါတယ်။” နော်ဝေးရွေးကောက်ပွဲ လေ့လာခဲ့တယ်ဆိုတော့ ကျနော်တို့ နိုင်ငံနဲ့ တူတာ မတူတာ၊ မှတ်သားစရာ ဘာများတွေ့ရှိခဲ့လဲ။ “မတူဘူးဗျ။ နော်ဝေနိုင်ငံကတော့ ဒီမိုကရေစီနဲ့ အသားကျပြီးတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်နေတယ်။ နောက်တခုက နော်ဝေ ပြည်သူတွေကိုယ်တိုင်က ရွေးကောက်ပွဲဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကြီး ပိနေတာမျိုး မတွ့ရဘူးဗျ။ အဲလိုပဲ နော်ဝေး အာဏာပိုင်တွေအနေနဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရမ်းကြီး ၀န်ထုပ်ဝန်ပိုး တခုကို ထမ်းနေရတဲ့ ပုံစံမျိုးမရှိဘူးပေါ့။ သမားရိုးကျ ဖြစ်စဉ်တခုကို ကျော်ဖြတ်နေရတဲ့ ပုံစံမျိုး သွားတွေ့တယ်။ ဥပမာ ဆိုပါစို့ အလုပ်လုပ်ရင်းနဲ့ပဲ သွားရင်းလာရင်း မဲပေးသွားတာမျိုး၊ နောက် လွတ်လွတ်လပ်လပ် မဲပေးလို့ရအောင် စီစဉ်ထားပေးတာကိုလည်း တွေ့ရတယ်။” မဲပေးတဲ့နေ့တောင်မှ ရုံးတွေဘာတွေ မပိတ်ဘူး။ ရုံးတွေဘာတွေ ဆင်းလာပြီး မဲပေးလို့ရတယ်ဆိုတဲ့ အခြေအနေမျိုးကို ဆိုလိုတာလား။ “ဟုတ်တယ်ဗျ။ ရုံးတွေဘာတွေ ပိတ်တာတွေမရှိဘူး။ လူတွေ သွားလာလှုပ်ရှားမှုမပျက်ဘူး။ တခုပဲရှိတာပေါ့၊ မဲရုံတွေက ကျနော်တို့နဲ့ သွားတူတာက ကျောင်းတွေမှာ လုပ်တာရှိတယ်လေ။ အဲဒီတော့ ကျောင်းတွေက တချို့ပိတ်တယ် ဒါပဲ။ ကျန်တဲ့ဟာတွေက ဘယ်လိုမှ ကျနော်တို့နဲ့ မတူဘူး။ “နောက် ကျနော်တို့နိုင်ငံ ရွေးကောက်ပွဲဆိုတာလည်း ကျနော် ဒီအသက်အရွယ် ရောက်ပြီ။ တကယ့်ရွေးကောက်ပွဲတခု ၉၀ တုန်းကလည်း ကျနော်တို့ ထောင်ထဲမှာဆို မကြုံဖူးဘူး။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတခုပဲ ကျနော်တို့ အပြင်မှာကြုံဖူးတာ။” နော်ဝေရွေးကောက်ပွဲက ကမ္ဘာမှာ ဒီမိုကရေစီအရှိဆုံး၊ လွတ်လပ်မျှတဆုံးလို့ ပြောကြတာပေါ့။ အဲဒီထဲကနေ သင်ခန်းစာယူစရာ၊ လေ့လာစရာလေးတွေ၊ ကျနော်တို့နိုင်ငံမှာ ပြန်အသုံးချလို့ရမယ် ထင်တဲ့ဟာတွေ ဘာများတွေ့ရှိခဲ့လဲဗျ။ “ရှိတယ်ဗျ။ ကျနော် စောစောကပြောသွားသလို လူတွေရဲ့ စိတ်ဓာတ်ဟာ နိုင်ငံရေးပေါ်မှာ စိတ်ဝင်စားမှု ရေချိန်မြင့်မားတဲ့အခါကြတော့ သူတို့ရဲ့ နိုင်ငံရေးစနစ်နဲ့ သူတို့ရဲ့ ပြည်သူလူထုက တသားတည်း ဖြစ်သွားတယ်။ တသားတည်း ဖြစ်သွားတဲ့အခါကြတော့ သူတို့အတွက် ရွေးကောက်ပွဲ ဆိုတဲ့ဟာက အထူးအဆန်းတခုလို ဖြစ်မနေဘူး။ ဒါကိုက နိုင်ငံရေး ရေချိန်မြင့်မားနေတာပဲဆိုတာ အဲဒါတွေက ကျနော်တို့ဆီမှာ အများကြီးလုပ်ယူရမယ်လို့ ကျန်တော်မြင်တယ်။ “နောက်တခုက မဲရုံနား ဘယ်လောက်မကပ်ရဘူးလို့ သူတို့ဆီမှာ ကန့်သတ်ထားတာ မရှိဘူး။ ဒါပေမယ့် ပါတီတွေက အသိစိတ်ဓာတ်နဲ့ ကပ်လည်း မကပ်ဘူး။ ဒါကိုက သူတို့ရဲ့ နိုင်ငံရေးရင့်ကျက်မှုကို ဖော်ပြနေတယ်လေ။ အဲဒီတော့ ကျနော်မြင်တာက အဲလိုမျိုး ကျနော်တို့ဆီမှာ ဖြစ်အောင်လုပ်ယူရမယ်လို့ ထင်တယ်။” ဦးမြအေးပြောသွားတဲ့အထဲမှာ ပါတယ်။ နော်ဝေနိုင်ငံရဲ့ တခြားနိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်တွေကိုလည်း လေ့လာခွင့်ရတယ်ဆိုတဲ့ သဘောမျိုးပေါ့လေ။ အဲဒီဟာတွေနဲ့ပတ်သက်ပြီး ထူးခြားချက်လေးတွေ ဘာတွေများ လေ့လာခွင့်ရခဲ့သလဲ။ “လူသားကို လူသားလို မြင်တဲ့ နိုင်ငံတနိုင်ငံလို့ပဲ ကျနော်မြင်တယ်လေ။ ကျနော်တို့လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အရမ်းကွာနေတာကို သွားတွေ့ရတယ်။ ဥပမာအားဖြင့် လူတယောက်ရဲ့ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရက ပီပီပြင်ပြင်တာဝန်ယူထားတယ်။ သူတို့အခွန်ကောက်တဲ့ ပုံစံက ထိုက်တန်တဲ့အခွန်ကိုလည်း ကောက်တယ်။ တချို့ဆို ၃၀ ရာခိုင်နှုန်းကျော်ထိ အခွန်ဆောင်ရတာတွေရှိတယ်။ ၅၀ ရာခိုင်နှုန်းအထိ ဖြစ်သွားတာလည်း ရှိတယ်။ ဒါပေမယ့် ဒီလိုအခွန်ကောက်တာကို ပြည်သူ လူထုကလည်း နှစ်နှစ်သက်သက်၊ လိုလိုလားလား ပေးတယ်။ သူတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ အသက်ကြီးလာလို့ရှိရင် အေးအေးဆေးဆေး နေနိုင်ဖို့အတွက် ပင်စင်ကအစ အစိုးရက လိုလေသေးမရှိ လုပ်ထားပေးတော့ ပြည်သူနဲ့ အစိုးရကြားမှာ ယုံကြည်မှုအတိုင်းအတာ နက်ရှိုင်းတယ်။ လေးလေးနက်နက်ကို ယုံကြည်ကြတယ်။ အဲဒီအခါကြတော့ အခွန်ပေးရတဲ့ တန်ဖိုးကို ပြည်သူတွေက နားလည်တဲ့အခါမှာ အခွန်ကို စိတ်ပါလက်ပါပေးတယ်။ အစိုးရကလည်း ယူထားတဲ့အခွန်နဲ့ ထိုက်တန်အောင် ပြည်သူလူထုကို ပြန်ပြီးတော့ အလုပ်အကျွေးပြုစုတယ်။ အဲဒါက နော်ဝေးနိုင်ငံရေးစနစ်ရဲ့ ထူးခြားမှုတခုပဲ။ အထူးသဖြင့် ကျနော်တို့ နိုင်ငံဆို ဆင်းရဲတဲ့ ပြည်သူတွေအတွက် ဆိုလို့ရှိရင် ဒီပုံစံမျိုးကို ကျနော်ပိုပြီး သဘောကျတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် Social democratic ပုံစံမျိုးကိုပေါ့ဗျာ။” နော်ဝေ စီးပွားရေး ကုမ္ပဏီကြီးတွေ ဥပမာ telenor ဆိုရင် မြန်မာနိုင်ငံထဲ လာပြီးတော့ ရင်းနှီးမြှုပ်နှံတော့မယ်။ အဲလို telenor တို့၊ step oil ရေနံကုမ္ပဏီကြီးတွေက နိုင်ငံပိုင် ကုမ္ပဏီတွေလို့ ကျနော်တို့ သိပါတယ်။ အဲဒီ ကုမ္ပဏီကြီးတွေရဲ့ စီးပွားရင်းနှီးမြှုပ်နှံမှုတွေ၊ လုပ်ငန်းလှည်ပတ်နေတဲ့ ပုံစံတွေ၊ အစိုးရရဲ့ စွက်ဖက်မှု၊ ထိန်းချုပ်မှု ဒီကိစ္စနဲ့ရော လေ့လာခွင့်ရခဲ့တယ်လို့ ကျနော်တို့ သိရပါတယ်။ ဘယ်လိုများ ထူခြားချက်တွေ မှတ်သားမိလဲ။ “ဒီ telenor တို့ ဆိုတာက အစိုးရ ရှယ်ယာပါတဲ့ ကုမ္ပဏီ၊ ၅၄ ရာခိုင်နှုန်း ရှယ်ယာပါတဲ့ ကုမ္ပဏီ တွေပဲ။ ဒါပေမယ့် အစိုးရ ထိန်းချုပ်မှုမရှိဘူး။ အစိုးရက ရှယ်ယာပါပြီး အစိုးရပိုင်တယ်ဆိုပေမယ့်လည်း အားလုံး ပြည်သူတယောက် အခွန်ထမ်းရသလို၊ ပြည်သူတယောက် ထောင်ထားတဲ့ ကုမ္ပဏီတွေ အခွန်ထမ်းရသလို သူကလည်း အခွန်ထမ်းရတယ်။ အစိုးရနဲ့ ပတ်သက်တယ်ဆိုပြီး အထူးအခွင့်အရေး ရတာမျိုးလုံးဝမရှိဘူး။ အဲဒါကိုက ထူးခြားနေတဲ့အချက်ပဲ။ ဆိုလိုချင်တာက ကုမ္ပဏီစီးပွားရေး အစိုးရပိုင်သော်လည်းကောင်း၊ ပုဂ္ဂလိကပိုင်သော်လည်းကောင်း၊ သွားခြားလွတ်လပ်စွာလုပ်ခွင့်ရှိတယ်။ "လွတ်လပ်စွာလုပ်ခွင့်ရှိတာနဲ့အညီ ကုမ္ပဏီအားလုံး အခွန်ထမ်းရမယ့် ပုံစံအတိုင်းပဲ ပြည်သူလူထုတယောက်၊ ဒါမှမဟုတ်သန့်ရှင်းအလုပ်သမားတယောက် အခွန်ထမ်းရတဲ့ ပုံစံမျိုးအတိုင်းပဲ သူတို့ကလည်း အခွန်ပြန်ထမ်းရမယ်။ အဲဒါကတော့ အတော်ကိုထူးခြားတဲ့ အချက်ပဲ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ဗျာ စနစ်အရမ်းကျတယ်လို့ ပြောလို့ရတာပေါ့။” နော်ဝေးက သူတို့နိုင်ငံထဲမှာလည်း လူ့အခွင့်အရေး စံချိန်စံညွန်း၊ အလုပ်သမား စံချိန်စံညွန်း၊ ပြီးတော့ စီးပွားရေးကုမ္ပဏီတွေဆိုရင်လည်း စီးပွားရေးလုပ်ကိုင်တဲ့ နေရာမှာ ကုမ္ပဏီကြီးတွေ လိုက်နာရမယ့် လူမှုရေးကျင့်ဝတ်တွေ လိုက်နာတယ်လို့ ရပါတယ်။ အဲဒီဟာနဲ့ပတ်သက်လို့ရော ဘယ်လောက်ထိ ဦးမြအေးတို့ လေ့လာခွင့်ရခဲ့လဲ။ “ကုမ္ပဏီတွေအနေနဲ့ကတော့ ရှင်းတယ်ဗျ။ သူတို့က လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ရှိရင် နော်ဝေးနိုင်ငံက ကမ္ဘာပေါ်မှာ နံပါတ် ၁ နေရာမှာ ရှိတယ်လို့တောင် ပြောလို့ရတယ်လေ။ ဘာလို့လဲဆို သူတို့ရဲ့ သင်ကြားမှုပုံစံတွေက ကျောင်းမှာပြဋ္ဌာန်းတာကအစ ကျနော်အဲဒီလိုမျိုး သိခဲ့ရတယ်။ “ကုမ္ပဏီတွေအနေနဲ့ကလည်း ဒီလူ့အခွင့်အရေးတွေကို ချိုးဖောက်ပြီးတော့မှ ဘာမှလုပ်ခွင့်မရှိဘူး။ လုပ်လို့လည်း မရဘူး။ သူတို့ရဲ့ အကျိုးစီးပွားရေးတခုတည်းအတွက် ပြည်သူလူထုကို အသုံးချလိုက်တာမျိုး လုံးဝမရှိဘူး။ လုပ်လို့လည်း မရဘူး။ ဥပဒေတွေက ထိန်းချုပ်ထားတယ်။ နိုင်ငံပိုင်ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင်ပဲဖြစ်ဖြစ်၊ နောက်တခုက လူတန်းစား ကွာဟချက်ကြီးမားတာမျိုး မဖြစ်အောင် ဒီအခွန်တွေနဲ့ သူတို့ထိန်းသွားတယ်။ ထိန်းသွားတယ်ဆိုတဲ့အခါကြတော့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ လုံးဝကြီးကို လွှတ်ပေးလိုက်တဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့တော့ နည်းနည်းတော့ကွာတာပေါ့ဗျာ။ ဒါပေမယ့် ကျနော် စောစောကပြောခဲ့သလိုပဲ အစိုးရအနေနဲ့က ပြည်သူတရပ်လုံးပေါ်မှာ တာဝန်ယူတယ်ဆိုတဲ့စကားနဲ့အညီ သူကလုပ်တယ်ဆိုတော့ အစိုးရနဲ့ ပြည်သူကြားမှာ ယုံကြည်မှုနက်ရှိုင်းတဲ့အပေါ်မှာ အများကြီး အောင်မြင်သွားတာပဲ။" ပြီးတော့ အဲလို လေ့လာရေးအပြင် နော်ဝေးနိုင်ငံရေးသမားတွေနဲ့ရော တွေ့ခွင့်ရသေးလာဗျ။ “တွေ့ခဲ့ပါတယ်။ ကျနော်တို့ နိုင်ငံရေး ပရော်ဖက်ဆာ နဲ့ ဆွေးနွေးခွင့်ရသလိုမျိုး၊ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ခဲ့ရပါတယ်။” နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တဲ့အချိန်မှာ အဓိကဘာတွေများ ဆွေးနွေးခဲ့ကြလဲ။ “အဓိက ကတော့ နော်ဝေးနိုင်ငံက ကမ္ဘာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တော်တော်များများ ပါတယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာဖြစ်နေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်တွေမှာလည်း နော်ဝေးနိုင်ငံအနေနဲ့ ပံ့ပိုးမှုတွေ၊ ကူညီမှုတွေရှိနေတယ်။ ဒီအပေါ်မှာ အစိုးရဘက်ကိုသော်လည်းကောင်း၊ အတိုက်အခံ ဒီမိုကရက်တစ် အင်းအားစုတွေအနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်ကို သော်လည်းကောင်း၊ ဘယ်ဘက်ကိုမှ မယိမ်းပဲနဲ့ အားလုံးကို ချိန်ခွင်လျာ ညီညီမျှမျှ ဆက်ဆံသွားဖို့ ကျနော်တို့ တိုက်တွန်းခဲ့တယ်။ သူတို့ကလည်း ဒီသဘောအတိုင်းရှိတယ်ဆိုတာ ပြန်ပြောတယ်။ ဒါကတော့ ကျနော်တို့ နိုင်ငံအတွက် အရေးကြီးတဲ့အချက်ပါ။ နော်ဝေးပြီးရင် တခြားဘယ်နိုင်ငံကို သွားလေ့လာခဲ့သေးလဲဗျ။ “အခု ဂျာမဏီရောက်တယ်လေ။ ဂျာမဏီကို ရောက်လာတဲ့ ကိစ္စကတော့ အဓိကအားဖြင့် ဂျာမဏီနိုင်ငံမှာ ဖယ်ဒရယ်လစ်ဇင် နဲ့ပတ်သက်ပြီး လေ့လာရတာပါ။ ဖယ်ဒရယ်လစ်ဇင်နဲ့ ပတ်သက်ပြီး လေ့လာတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောရလို့ရှိရင် ဂျာမဏီရဲ့ ဖယ်ဒရယ်လစ်ဇင်နဲ့ အခုစပြီး ထိတွေ့တယ်လို့ ပြောလို့ရတယ်။ ကျန်တာကတော့ စာထဲမှာပဲ နည်းနည်းပါးပါး ဖတ်ဖူးတာပဲရှိတာကို။ ဒီမှာတွေ့တဲ့အခါမှာ ထူးထူးခြားခြားဖြစ်စဉ်တွေနဲ့ ဂျာမဏီနိုင်ငံကြီးကို လေ့လာရတဲ့ဟာက အရမ်းကောင်းပါတယ်။ အလွန်ကို အကျိုးရှိပါတယ်။” ဂျာမဏီဟာ ဥရောပမှာ ဓနအင်အားအကြီးဆုံးနိုင်ငံပေါ့လေ။ ကျနော်တို့ သိရတာက ဂျာမဏီနိုင်ငံထဲ ပြည်နယ်တိုင်းမှာ အားလုံးတပြေးညီ ဖွံ့ဖြိုးတိုးတက်နေတာမဟုတ်ဘူး။ ဥပမာ အရှေ့ဂျာမဏီကနေပြီး လာပေါင်းတဲ့ ပြည်နယ် ၁၁ ခု ဆိုလို့ရှိရင် အနောက်ဂျာမဏီထက် အများကြီး နှိမ့်ကျတယ်။ အဲလို ဆင်းရဲချမ်းသာရှိနေတဲ့ ပြည်နယ်တွေကြားမှာ ဓနအင်အားတွေ ဘယ်လိုမျိုးမျှဝေ သုံးစွဲကြသလဲဆိုတာနဲ့ ပတ်သက်လို ဘာတွေ လေ့လာသိရှိခွင့်ရခဲ့လဲ။ “ရခဲ့ပါတယ်ဗျ။ အဓိကကတော့ ဂျာမဏီမှာက ပြည်နယ် ၁၆ ခုရှိတယ်။ ၁၆ ခုမှာ constitution (ဖွဲ့စည်းပုံအခြေခံဥပဒေ) မှာလည်း ဗဟို constitution တခုရှိသလို၊ ပြည်နယ် constitution လည်း ၁၆ ခုရှိတယ်။ ဒီထဲမှာ အဓိက ၃ ပြည်နယ်က ချမ်းသာတာပေါ့ဗျာ။ ကျန်တဲ့ပြည်နယ်ကို ဒီ ၃ ပြည်နယ်ကနေပြီးတော့မှ ပြန်ထောက်ပံ့ပေးနေရတဲ့ဟာ မျိုးရှိတာပေါ့ဗျာ။ အဲဒီဟာမျိုးတွေလည်း သူတို့ပြောပြချက်အရ ကျနော်တို့ သိရတာပေါ့။ ဒီလိုမျိုးကို ဘာလို့လုပ်ထားလဲဆိုတော့ အဲလိုမဟုတ်ပဲနဲ့ လုံးဝပြည်နယ်တွေကို ခဏပြောသလိုမျိုး ကိုယ့်ပြည်နယ်ကို ဆိုတဲ့ ပုံစံမျိုးဆိုလို့ရှိရင် ချမ်းသာ၊ ဆင်းရဲကွာဟချက်က ကြီးသွားမယ်ဗျာ။ လုံးဝ သံယံဇာတမထွက်ဘူး။ ဒါမှမဟုတ်ရင် ဆင်းရဲနွမ်းပါးတဲ့ ပြည်နယ်တွေအနေနဲ့က ထောင်တက်လာစရာမရှိဘူး။ အဲဒီအတွက်ကို မျှမျှတတဖြစ်အောင် လုပ်ထားတဲ့ပုံစံကိုတော့ သွားတွေ့တယ်။” အဲဒီလိုမျိုး စနစ်က ကျနော်တို့ မြန်မာနိုင်ငံမှာ ဖယ်ဒရယ် တကယ်လုပ်မယ်ဆိုရင် အသုံးတည့်နိုင်မယ်လို့ မထင်ဘူးလား။ “လိုအပ်တယ်ဗျ။ ဘာဖြစ်လို့လဲဆို ကျနော်တို့နိုင်ငံမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် ဒီပြည်နယ်တွေက စီးပွား ဖွံ့ဖြိုးတိုးတက်မှု အလွန်ကို နည်းပါတယ်။ အဲဒီပြည်နယ်တွေအတွက် ကျနော်တို့ နိုင်ငံရဲ့ သယံဇာတထွက်တဲ့ ပြည်နယ်တွေ ဒါမှမဟုတ် စီးပွားရေးအားကောင်းတဲ့ ပြည်နယ်တွေက ၀ိုင်းပိုးရမှာပါ။ ပြည်နယ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ပေးတယ်ဆိုတဲ့အခါမှာလည်း ချိန်ခွင်လျှာညီမျှအောင်လို့ ထိန်းရမယ်လို့ ကျနော်မြင်တယ်။” ဖက်ဒရယ်စနစ်ကို ပြောတဲ့အခါမှာ လွှတ်တော်ကလည်း အရေးကြီးတာပေါ့။ လွှတ်တော်နှစ်ရပ်မှာ တရပ်က ပြည်နယ်တွေကို ကိုယ်စားပြုကြရတာပေါ့။ ဦးမြအေးတို့အနေနဲ့ လွှတ်တော်တွေကိုရော သွားရောက်လေ့လာခွင့်ရခဲ့လားဗျ။ “ရတယ်ခင်ဗျ။ အမျိုးသားလွှတ်တော်တွေလိုမျိုးပေါ့နော်။ ပြည်နယ်တွေက စုထားတဲ့ လွှတ်တော်လိုမျိုးလည်း သွားရောက်လေ့လာခွင့်ရခဲ့တယ်။ ထူးခြားမှုက ကျနော်တို့နဲ့ မတူဘူး။ ပြည်နယ်အပေါ်မှာ ကွာဟချက်များတယ်။ လူဦးရေအပေါ်မှာမူတည်ပြီး လုပ်ထားတာတွေ့တယ်၊ အဲဒါက ထူးခြားပါတယ်။” အောက်လွှတ်တော်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး လေ့လာသိရှိရသလဲ။ “ပါလီမန်က ဂျာမနီနိုင်ငံရဲ့ အုပ်ချုပ်မှုကို အသက်ဝင်စေတဲ့နေရာပဲဗျ။ ပါလီမန်မှာက အစိုးရအဖွဲ့ကို ဖွဲ့စည်းသွားတယ်ကိုး။ ဒီမှာကတော့ အောက်လွှတ်တော်အနေနဲ့က ကျနော်တို့တိုင်းပြည်လို ရွေးကောက်ပွဲကျင်းပတယ်။ အဲဒီကနေမှ အစိုးရအဖွဲ့ကို ရွေးချယ်တယ်။ တခုရှိတာက အောက်လွှတ်တော်ချည်းပဲလည်း သပ်သပ်လုပ်လို့ ရတာရှိသလို အထက်လွှတ်တော်နဲ့ ညှိပြီးလုပ်ရတဲ့ ကိစ္စတွေလည်း ရှိတယ်။ အောက်လွှတ်တော်အနေနဲ့ အရေးကြီးတဲ့အပိုင်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်၊ သို့သော်လည်းပဲ အထက်လွှတ်တော်ရဲ့ သဘောထားကို ယူရတယ်။ အထက်လွှတ်တော်က ကန့်သတ်ထားပေမယ့် အချို့အပိုင်းတွေမှာ အောက်လွှတ်တော် လုပ်လို့ရတာတဲ့ဟာ တချို့အပိုင်းတွေမှာ လုပ်လို့မရဲ့ဟာ အဲဒီလိုမျိုးတွေရှိတယ်။" ဂျာမဏီဟာ ကမ္ဘာကြီးကို မီးတင်ရှို့ခဲ့တဲ့နိုင်ငံ၊ အဓိကကျတာက အာဏာရှင် ဟစ်တလာ နိုင်ငံရေးကို ချုပ်ကိုင်လာပုံ၊ သူ့လက်ထက်မှာ ဘယ်လို အုပ်ချုပ်ခဲ့သလဲ၊ ဘယ်လို ရက်စက်ကြမ်းကြတ်ခဲ့သလဲ၊ ဒါတွေနဲ့ ပတ်သတ်လို့ကော မျက်မြင်ကိုယ်တွေ့ လေ့လာခဲ့ရတာ ရှိပါသလား။ “ဘာလင်တံတိုင်းကြီးဖြိုပြီး ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေကို သွားလေ့လာခဲ့ရတဲ့အခါမှာ ဟစ်တလာနဲ့ ပက်သတ်ပြီး ပြထားတာတွေ အများကြီးတွေ့ခဲ့တယ်။ အလားတူပဲ အသတ်ခံလိုက်ရတဲ့ ဂျူးတွေအတွက် မန်မိုရီရယ် လုပ်ထားတဲ့ နေရာကို သွားလေ့လာခဲ့ရတယ်။ အရမ်းအံ့အားသင့်တာက ဂျူးတွေနဲ့ ပတ်သက်ပြီး ဂျာမနီက မန်မိုရီရယ်တောင် လုပ်ပေးထားတာက ယဉ်ကျေးမှုအဆင့်အတန်းအလွန်မြင့်မားတဲ့ နိုင်ငံတွေမှာ ထားရှိတဲ့ သဘောထားကို သွားတွေ့ရတယ်။ ယဉ်ကျေးမှုစုံ ၀ါဒကို လက်ခံထားပြီး ဒါကို သမိုင်းရဲ့ သင်ခန်းစာတခုအဖြစ် ပြန်ယူထားတာ သွားတွေ့တယ်။ ဘာလင်တံတိုင်းကိုလည်း သမိုင်းရဲ့ သင်ခန်းစာအဖြစ်ထားတာတွေ့ရတယ်။ ထပ်ပြီးအာဏာရှင်စနစ် မမွေးဖွားနိုင်အောင်လည်း အာဏာချိန်ခွင်လျှာကို ညီမျှအောင် ထိန်းသွားတယ်။ အဲဒီအတွက်ကြောင့်လည်း သူတို့နိုင်ငံတွေ ပီအာရ်စနစ်ကို ကျင့်သုံးသွားတာလို့ ကျနော်မြင်တယ်။” အရင်တုန်းက ဦးမြအေးတို့လို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပြည်ပထွက်ခွင့်မရခဲ့ဘူး။ အခုပွင့်လင်းလာပြီး လက်ရှိ ဦးမြအေးတို့ အလုပ်နဲ့ ပတ်သက်ပြီး လေ့လာရေးခရီးစဉ်တွေဟာ အသုံးတည့်မှု မတည့်မှုအပေါ် ဘယ်လိုများ သုံးသပ်လို့ရမလဲ။ “နှစ်ပိုင်းရှိတယ်။ ပထမပိုင်းက လေ့လာတာ။ နောက်တပိုင်းက ကိုယ့်တိုင်းပြည်အတွက် အကျိုးရှိအောင်  ရောက်ရှိတဲ့ နိုင်ငံရဲ့ အစိုးရ တာဝန်ရှိသူတွေ နိုင်ငံရေးသမားတွေနဲ့ တွေ့တဲ့အခါမှာ  အထောက်အပံ့  အကူအညီရနိုင်မယ့် ကိစ္စတွေ ပြောရတာပေါ့။ “လူတယောက်ရဲ့ ဘ၀မှာ စိတ်ချမ်းချမ်းသာသာနဲ့ မိသားစုရေး၊ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုံးကို အထောက်အပံ့ အကူအညီ ပေးနိုင်တဲ့ စနစ်တခုကို သွားချင်တယ်။ ဒီစနစ်က ချုပ်နှောင်မှုလည်း မဖြစ်စေရဘူး။ လွတ်လပ် ပွင့်လင်းနေရမယ်။ အစိုးရနဲ့ အုပ်ချုပ်ခံပြည်သူတွေကြားမှာ ပွင့်လင်းမြင်သာမှု ယုံကြည်မှု နက်နက်ရှိုင်းရှိုင်း ရှိနေရမယ်။ ဒီစနစ်ကို တည်ဆောက်ချင်တဲ့အခါမှာ လက်ရှိ အောင်မြင်နေတဲ့ စကင်ဒီနေးဗီးယန်း နိုင်ငံတွေရဲ့ စနစ်တွေကို အရမ်းသဘောကြတယ်။ “ကျနော်တို့နိုင်ငံမှာ အီးယူအပါအ၀င် နိုင်ငံတော်တော်များများက စီးပွားရေး ပိတ်ဆို့မှုတွေ ဖြေလျော့လိုက်ပြီ။ ကျနော်တို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလိုချင်တယ်။ လာတဲ့ ကုမ္ပဏီတွေကိုလည်း အာမခံချက်ပေးဖို့လိုမယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း လွယ်ကူပြီး ရှင်းလင်းနေရမယ်။ အဲဒီလိုမျိုး သူတို့ဘက်ပြောတာတွေ ကြားရတဲ့အခါမှာ ဘာလုပ်ရမလဲဆိုတဲ့ တွေးခေါ်စရာတွေ ဖြစ်လာပါတယ်။ အရမ်းအကျိုးရှိတဲ့ ခရီးစဉ်ပါ။"

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up