Home
မေးမြန်းခန်း
“ပြည်သူကိုမထီမဲ့မြင်လုပ်တဲ့ကိုယ်စားလှယ်ကျရှုံးမယ်”-ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ နှင့် မေးမြန်းချက်
နော်နိုရင်း
·
January 28, 2021

ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်အနေနဲ့ ပြီးခဲ့တဲ့ ရက်က အကြိမ် ၂၀ မြောက် လွှတ်တော်အစည်းအဝေးပွဲကျင်းပြီးနောက် လွှတ်တော်သက်တမ်း ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ် သက်တမ်းကာလ အတွင်း ကယားပြည်နယ်လွှတ်တော်အနေနဲ့ ဘာတွေ စွမ်းဆောင်နိုင်ခဲ့သလဲ၊ လာမယ့် တတိယ အကြိမ်လွှတ်တော်တက်မယ့် လွှတ်တော်ကိုယ်စားလှယ်သစ်တွေအနေနဲ့ ဘာတွေပြင်ဆင်ထားဖို့လိုမလဲဆိုတောတွေကို သိရဖို့   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ 

မေး။ ပြီးခဲ့တဲ့  ၅ နှစ်တာ ကယားပြည်နယ်လွှတ်တော်သက်တမ်းမှာ အဆိုဘယ်နှစ်ခုကို တင်သွင်းအတည်ပြုခဲ့လဲ။ နောက်ပြီး ဥပဒေ ဘယ်နှစ်ခုကို အတည်ပြုနိုင်ခဲ့လဲ။ အရင် ဦးဆုံး ပြောပြပေးပါလား။

ဖြေ။ “ကျနော်တို့ အားလုံးအဆိုကတော့ ၁၈ ခုပေါ့။ ၁၈ ခုမှာ တခုကတော့ ပြန်ရုပ်သိမ်းသွားတယ်။ နောက်တခုကျတော့ မပြုနိုင်သေးဘူးပေါ့။ ဥပဒေက ၉ ခုရှိတယ်။ ၉ ခုဆိုတာ ကျနော်တို့ ဇယား ၂ မှာပါတဲ့ အားလုံးမှာ အများကြီးလုပ်ဖို့လိုသေးတယ်။ ဒါကလည်း ဒီ ၉ ခု အတည်ပြုနိုင်တာကလည်း Law Home ရဲ့ ပံ့ပို့မှု အများကြီးပါတယ်။ ကျနော်တို့ဆီမှာက ကိုယ်စားလှယ်ထဲမှာက law နဲ့ ဘွဲ့ရတဲ့လူမပါဘူးလေ။ ဒါလည်း ကျနော်တို့ တတ်နိုင်သလောက်တော့ ကြိုးစားခဲ့တာပေါ့။ လိုပါသေးတယ်။ အများကြီးလေ။”

မေး။ အခုအတည်ပြုနိုင်တဲ့ ဥပဒေတွေထဲမှာ ဘယ်လိုဥပဒေတွေ အများစု ပါဝင်တယ်လို့ ပြောလို့ ရမလဲ။

ဖြေ။ “ကျနော်တို့ စည်ပင်သာယာရေးက ပိုများတယ်။ အခုကျနော်တို့ အားရတာကလည်း စည်ပင်သာယာရေးနဲ့ ခုန တောင်သူလယ်သမားကို အကျိုးပြုတဲ့ ချေးငွေ၊ စုငွေတွေ၊ အဲဒါတွေကို ကျနော် အားရတယ်။ ဘာလို့လဲဆို တောင်သူတွေက အဆင်ပြေလို့ရှိရင် အားလုံးအဆင်ပြေတယ်။ ကျနော်မြင်တာလေ။ တောင်သူလယ်သမားတွေ အဆင်ပြေလို့ရှိရင် အကုန်လုံးရောင်းကောင်းတယ်။ ရွှေဆိုင်ကအစ ရောင်းကောင်းတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ အဲဒါလေးတော့ အားထည့်လိုက်တယ်။ အဲဒါကလည်း အခုနက  Law Home ပံ့ပိုးမှုအများကြီးပါတယ်။ ကျနော်တို့ အဲဒါက တခြားဒီ မန္တလေးတို့၊ မွန်တို့ဘာတို့အထိ ကျနော်တို့ သွားလေ့လာပြီး လုပ်ခဲ့တဲ့ကိစ္စ၊ အဲဒါပါ အားရတယ်။ ”

မေး။ နောက်တခုက ဒီ ၅ နှစ်သက်တမ်းမှာ တိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ လွှတ်တော်အနေနဲ့ ဘယ်လိုမျိုး လုပ်ဆောင်ပေးနိုင်ခဲ့လဲ။ ဘယ်လိုဥပဒေမျိုးကို အတည်ပြုပေးနိုင်ခဲ့လဲ။

ဖြေ။ “တိုင်းရင်းသားအနေနဲ့တော့ မပြုပေးနိုင်ခဲ့ဘူး။ ကျနော်တို့က တိုင်းရင်းသားရယ်လို့မဟုတ်ဘဲ အားလုံးဆိုင်တဲ့ အခုနဟာလိုမျိုးပေါ့။ တောင်သူလယ်သမားလည်း တိုင်းရင်းသားပါတယ်။ အဲဒါလုပ်ပေးနိုင်ခဲ့တယ်။ နောက်တိုင်းရင်းသားရေးရာကော်မီတီဆိုတာက ကျနော်တို့မရှိမဖြစ် ဖွဲ့ရမယ့်အဖွဲ့ပေါ့။ ဒါပေမဲ့ လှုပ်ရှားမှု အားနည်းခဲ့ပါတယ်။ အားနည်းတဲ့ နောက်အကြောင်းအရင်း ရှိတော့ရှိတယ်။ ကျနော်တို့ စစတုန်းက တိုင်းရင်းသားခေါင်းဆောင်တွေပေါ့နော်။ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့တွေက ကျနော်တို့နဲ့ တော်တော်လက်တွဲခဲ့ပါတယ်။ နောက်ပိုင်းဒီတိုင်းရင်းသား သူတို့ရုံးကြီးဆောက်တဲ့အခါကျတော့ အဲမှာ အဲနောက်ပိုင်းကို ကျဲသွားတာပေါ့။ ပထမကတော့ ကျနော်တို့ စစတက်တဲ့တနှစ်ကျော်ကျော်လောက်မှာတော့ တွဲခဲ့တယ်။ တိုင်းရင်းသားစာပေရုံးကို အစိုးရအဖွဲ့က ဆောက်တဲ့အချိန်ကစပြီးမှ သူတို့နဲ့ နည်းနည်းဝေးသွားတာပေါ့။ အဲဒါလည်းပဲ ကျနော်က အပြစ်မပြောပါဘူး။ အခုကျတော့ သူတို့နည်းနည်းနောင်တရတဲ့အပိုင်းလေးတွေ လာပြောပါတယ်။ ဒါပေမဲ့ ပြီးသွားပြီပေါ့။ အဲဒါတွေတော့ ရှိပါတယ်။”

မေး။ နောက်တခုက ဒီ ဥက္ကဋ္ဌတယောက်အနေနဲ့ ဒီလွှတ်တော် ၅ နှစ်သက်တမ်းအတွင်းမှာ လုပ်ချင်ပေမယ့် လုပ်လို့မရခဲ့တဲ့အရာတွေ၊ အားမရတဲ့အပိုင်းတွေ ဘာတွေရှိလဲ။

ဖြေ။ “ ကျနော်ကတော့ အမှန်အတိုင်းပြောမယ်ဆိုရင် စစတက်ချင်း၊ တနှစ်၊ နှစ်နှစ်လောက်က တော်တော်ရုန်းခဲ့ရတာပေါ့။ အဲဒီနောက်ပိုင်းမှာ နည်းနည်းလေး အဆင်ပြေတာပေါ့။ အဆင်ပြေတာကလည်း အခုနက ကျနော့်ကို ပံ့ပိုးတဲ့ ရေးရာအဖွဲ့တွေရှိတာပေါ့။ နောက်ရုံးအဖွဲ့တွေရှိတာပေါ့။ အဲနေရာမှာ ကျနော် လုပ်ချင်တာကတော့ တရားဥပဒေ စိုးမိုးရေးလေ။ အခုဆိုရင်လည်း မကြာမီ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေး တော့မှာပေါ့။ အဲဒီနေရာမှာ ကျနော်အကြံပြုချင်တာက ဆယ်အိမ်မှူးလည်း အရေးထားမှရမှာ။ ရာအိမ်မှူးလည်း အလေးထားမှရမယ်။ နောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း အလေးထားမှရမယ်။ ”

မေး။ နောက်တခုက ဒီဒုတိယအကြိမ်လွှတ်တော်ကနေ တတိယအကြိမ်လွှတ်တော်မှာ ဆက်ပြီး သယ်သွားရမယ့်အရာတွေပေါနော်။ ဘယ်လိုကိစ္စတွေ  ဆက်ပြီးတော့ ရှိနေဦးမလဲ။

ဖြေ။ “ ဒီမှာ‌တော့ ဇယား ၂ မှာ အများကြီးလုပ်ပေးရဦးမယ်။ လာမယ့်လွှတ်တော်ကိုယ်စားလှယ်က ဇယား ၂နဲ့ ပတ်သက်ပြီးမှ ဥပဒေ ပြုဖို့အတွက်ကို ကြိုးစားစေချင်တယ်။ နောက်ကိုယ်စားလှယ်တွေအနေနဲ့လည်း အခုဆိုရင် စာရင်းစစ်ချုပ်အစီရင်ခံစာဖတ်သွားတာပေါ့။ ဒါလည်းပဲ ဆက်ပြီး လုပ်စေချင်တယ်။ ဘာလဲဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေတွေက ၅ ရာခိုင်နှုန်းမသွင်းတဲ့ကိစ္စတွေက သက်ဆိုင်ရာဌာနနဲ့ အဓိက ဆိုင်တယ်လေ။ တင်ဒါကို ပေးခဲ့တာလည်း သူတို့ပဲလေ။ အခုတချို့ဟာကျတော့ ကျနော်တို့ လွှတ်တော်ကနေ လိုက်ပြီးမှ လွှတ်တော်ကစစ်တဲ့အခါကျမှ ပေါ်တဲ့ကိစ္စတွေတွေက မဖြစ်သင့်တော့ပါဘူး။”

“တင်ဒါပေးတဲ့လုပ်ငန်းနဲ့ လမ်းလုပ်ငန်းတွေက ကျနော်တို့စစ်မှ ပေါ်တဲ့ကိစ္စတွေက မဖြစ်သင့်ဘူးပေါ့။ မူလနံပါတ် ၁ ဖြစ်တဲ့ ဌာနရဲ့ တာဝန်ပေါ့။ တင်ဒါရဖို့အတွက်ကို ကျနော်တို့ တင်လိုက်တယ်။ တင်ဒါတွေ ခွဲပေးလိုက်တယ်။ ပြီးရင်ပြီးသွားတယ်ပေါ့။ တော်တော်များက .ဒါ စော်ကားတာမဟုတ်ဘူး။ အဲဒီမှာမှ သူတို့က ဒီတည်ဆောက်ရေး ကော်မီတီဖွဲ့တယ်ပေါ့။ အဲဒီအဖွဲ့ကလည်း မိမိရဲ့ဌာနလုပ်ငန်းနဲ့ အများကြီးဖြစ်တဲ့အတွက်ကိုလေ။ ဌာနတခုချင်းစီက မြို့နယ်တိုင်းမှာရှိတာပဲလေ။ ရတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးမှ သူတို့ရဲ့စစ်ဆေးမှုအဓိက တာဝန်ကျပါတယ်။ အခုလို ဒီလိုမျိုးစာရင်းစစ်ချုပ်တက်ဖတ်တဲ့အခါကျတော့ တကယ့်တကယ်ကျတော့ နောက်ဆုံး စာရင်းစစ်ချုပ်ကိုပဲ အပြစ်မြင်ကြမှာပေါ့။ တကယ့်တကယ်က မူလလုပ်တဲ့သူရဲ့ တာဝန်ပေါ့။ ဥပမာ ပေးမယ်ဆိုရင်ဝန်ကြီးချုပ်ကို ဖြုတ်ချတဲ့ကိစ္စလည်း ကျနော့်ကိုပဲ အပြစ်မြင်တာပေါ့။ မူလလုပ်ခဲ့တဲ့လူရဲ့ဥစ္စာကျတော့ မမြင်ကြဘူးပေါ့။ အဲဒါမျိုးလေးတွေပေါ့။ ဆက်စပ်မယ်ဆိုလို့ရှိရင် အောက်ခြေက အဆင့်ဆင့်ကောင်းလာလာမှ အပေါ်လည်းကောင်းမယ်ဆိုတာ ဆက်စပ်မိပါတယ်။ ”

မေး။ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ကယားပြည်နယ်လွှတ်တော်အနေနဲ့ အစိုးရဘက်ကို ဘယ်လောက်ထိ ထိန်းကျောင်းနိုင်တယ်လို့ ပြောလို့ရမလဲ။

ဖြေ။ “ကျနော်တို့ မြင်တာကတော့ အခုလောလောဆယ် ဥက္ကဋ္ဌ ၊ ဒု-ဥက္ကဋ္ဌ ရွေးဖို့ ခက်ခဲနေတာပေါ့နော်။ အမှန်မှာတော့ ထိန်းကျောင်းတယ်ဆိုတာထက်ကို ထိန်းကျောင်းတယ်ဆိုတာ သူ့ရဲ့စာသားအရပေါ့။ အမှန်မှာက ပြည်သူအတွက်ကို ဦးတည်ပြီးမှ တယောက်နဲ့တယောက် ငါလည်းအစိုးရဘက်ပဲ၊ ငါလည်း လွှတ်တော်ဘက်ပဲ မလုပ်ဘဲနဲ့ ပြည်သူကောင်းစားဖို့ဆိုလို့ရှိရင် ကျနော်တို့က ပူးပေါင်းသင့်ပူးပေါင်းရမယ်။ ဒီလိုမျိုး လွှတ်တော်က သူက အမှားလုပ်တယ်။ ငါတို့က လုပ်လိုက်မယ်။ အစိုးရကလည်း မင်းဘာလုပ်မလဲ၊ လုပ်ချင်တာလုပ်ဆိုလို့ရှိရင်တော့ ပိုပြီးမှ ဆိုးမှာပေါ့။  ”

မေး။ ဥက္ကဋ္ဌရဲ့ သက်တမ်းမှာ ဘယ်လောက်ထိ ထိန်းကျောင်းလို့ရတယ်လို့ ပြောလို့ရမလဲ။

ဖြေ။ “ ကျတော်မှန်းတာကတော့ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရမယ်။ ဒါတောင်မှ တော်တော်ကြီး ကျနော်က မာမာထန်ထန်လုပ်လာလို့ပေါ့။ အဲလောက်ထိ ထိန်းကျောင်းနိုင်ခဲ့တာပေါ့။ ဒီကယားဒေးမြေကိစ္စဆိုလို့ရှိရင် ကျနော်တို့ လွှတ်တော်ကနေ အဆိုအောင်သွားပြီးမှကို ကျနော်တို့ အစိုးရအဖွဲ့ကို နှစ်ကြိမ်စာပို့သေးတယ်။ ဒါလည်းပဲ တော်တော်ကြီးခက်ခဲ့ပါတယ်။ နောက်ဆုံး အောင်တော့အောင်မြင်သွားတာပေါ့။ ဒါကလည်း ကျနော်က ပြည်သူကို ဦးတည်ပြီးမှ လုပ်တာ။ ဘာလို့လဲဆိုတော့ ကျတော်က ငယ်ငယ်ကတည်းက ဒီမှာနေတာကိုး။ ၂ နှစ်ကတည်းက နေတာဆိုတော့ ဒီကရာဇဝင်တော်တော်သိတာကိုး။”

မေး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ကို စွတ်စွဲပြစ်တင်တဲ့ကိစ္စမှာ ဥက္ကဋ္ဌကို ချီးကျူးတဲ့သူကလည်းရှိသလို ဝေဖန်ကန့်ကွက်တဲ့သူကလည်းရှိတယ်။ ဒီပေါ်ဘာပြောချင်လဲ။

ဖြေ။ “ ဘာမှမဖြစ်ပါဘူး။ ဒါကတော့  လူဆိုတာက ကျော်ဟိန်းကိုကြိုက်သလို အံ့ကျော်ကို ကြိုက်တဲ့သူလည်း ရှိတာပေါ့။ အံ့ကျော်ကို မုန်းသလို ကျော်ဟိန်းကို မုန်းတဲ့လူလည်း ရှိမှာပေါ့။ ဒါက ပုထုဇဉ်ပဲလေ။ အားလုံးပဲချစ်ရမယ်ဆိုတာတော့မရှိပါဘူး။ ကျနော်နားလည်ပါတယ်။ ဒါပေမဲ့ သူတို့ဘက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် ပေးနိုင်ကမ်းနိုင်ရှိတော့ သူ့ဘက်လိုက်တဲ့လူလည်းပါတာပေါ့။ ကျနော်တို့ဘက်ကတော့ ဘာမှပေးနိုင်တာမရှိပါဘူး။ ကျနော်တို့က ပေးဆပ်မှုပဲ ရှိပါတယ်။ အဲဒါ‌ကြောင့် ကျနော်တို့ဘက်မပါလည်း ဘာမှမဖြစ်ပါဘူး။ အခုလည်း ဒီဥစ္စာကို ဆုံးဖြတ်ပေးတဲ့ အပေါ်က အကြီးအကဲတွေကိုလည်း ကျနော်က လေးစားပါတယ်။ သူတို့ အပေါ်မှာလည်း မူတည်ပါတယ်။ ဒီကိစ္စကလေ။ နောက်ဆုံးဒီဥစ္စာက ကျနော်တို့ အကြီးအကဲတွေအနေနဲ့လည်း သမာသမတ်ကျတယ်ပေါ့။ နည်းနည်းမှားတယ်ဆိုရင်တောင်မှ မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးနိုင်ခဲ့တာကိုလည်း ကျနော်က ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ကျနော့်အတွက်လည်းဂုဏ်ယူတယ်။ ပြည်နယ်အတွက်လည်း ဂုဏ်ယူတယ်။ အကြီးအကဲတွေကိုလည်း ကျနော်လေးစားပါတယ်လို့။ ”

မေး။ နောက်တခုက ဥက္ကဋ္ဌ နှုတ်ခွန်းဆက်ပြောသွားတဲ့ ဟစ်တိုင်ကိစ္စပေါ့နော်။ ဟစ်တိုင်က ၅ နှစ်လုံးလုံးမှာ အလုပ်မဖြစ်ဘူးဆိုတာမျိုး ပြောသွားတာပေါ့နော်။ အဓိက ဘယ်လိုကြောင့်ဖြစ်ရတာလဲ။  

ဖြေ။ “အဓိက ငြိမ်းစုစီ၊ ကျနော်တို့က ငြိမ်းစုစီ ဥပဒေရှိတဲ့အတွက်ကို အဲဒါနဲ့ ငြိတယ်ဆိုပြီးမှ မလုပ်ရဘူးပေါ့။ အရင်က ကျနော်တို့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ဆန္ဒပြပြီးမှ ကျနော်တို့ဆီမှာ တရက်လာမယ်ဆိုတာတောင်မှ ကျနော်တော်တော်ကြီး ရှင်းခဲ့ရတယ်လေ။ အမှန်မှာကတော့ ကျနော်ခုန ပြောခဲ့သလိုပဲ ကျနော်တို့ဆန္ဒပြတာကလည်း မြန်မာနိုင်ငံသား၊ အပြခံရတာလည်း မြန်မာနိုင်ငံသားပဲ။ ဖြေရှင်းပေးမှာကလည်း မြန်မာနိုင်ငံသားပဲ။ အဲဒီသုံးဦးသုံးဘက် သူလည်း သူအစာမကျေတဲ့ဟာ ပြောပြ၊ ဒီကလည်း သူလုပ်ပေးနိုင်တာပြောပြ၊ အလယ်ကလည်းဖြေပေးလို့ရှိရင် ကောင်းမှာပဲ။ အဓိက ပြည်သူအတွက်ပေါ့။ ပြည်သူအတွက်ဆိုရင် ကိုယ့်မြန်မာနိုင်ငံသား ၃ ယောက်ဆိုရင် ဘာမဆို ပြေလည်ပါတယ်ဗျာ။ ”

မေး။ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်မှာ မေးခွန်းမေးတာ၊ အဆိုတင်တာ အများဆုံးက ဘယ်ကိုယ်စားလှယ်လဲ။ ပြီးတော့ မေးခွန်းမမေးတဲ့ ကိုယ်စားလှယ်ကောရှိလား။ ရှိရင်လည်း ပြောပြပေးပါ။

ဖြေ။ “ ဦးအောင်နိုင်ဦး (မယ်စဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) အများဆုံးပါပဲ။ မမေးတာကတော့ တပ်က ကိုယ်စားလှယ်ပဲ ရှိမှာပေါ့။ ကျန်တာကတော့ ကျတော်တို့ ဒီဘက်က ကြံ့ခိုင်ရေးဘက်လည်း အကုန်မေးပါတယ်။ ကြံ့ခိုင်ရေး ၃ ယောက်ရှိတာလည်းမေးပါတယ်။  ”

မေး- နောက်လမှာဆိုရင်တော့ တတိယအကြိမ် လွှတ်တော် ထပ်ခေါ်တော့မယ်ပေါ့နော်။ ဒီတတိယအကြိမ်လွှတ်တော်မှာ ရွေးကောက်ပွဲ အနိုင်ရရှိမှုအရ တိုင်းရင်းသားပါတီက ကိုယ်စားလှယ် ၃ ဦး၊ ကြံ့ခိုင်ရေးက ၃ ဦး၊ အန်အယ်လ်ဒီက ၉ ဦးဆိုတော့ နောက်ဖြစ်လာမယ့် လွှတ်တော်အခင်းအကျင်းက  ဘယ်လိုတွေဖြစ်လာနိုင်လဲ။ ဥက္ကဋ္ဌ အနေနဲ့ ဘယ်လိုသုံးသပ်လဲ။ 

“ ကျနော့်အနေနဲ့ သုံးသပ်တာက သူတို့ဒီ အရင် ကျနော်တို့ သက်တမ်းတုန်းကကျတော့ အန်အယ်လ်ဒီက လွတ်လွတ်ကျွတ်ကျွတ်မဲနိုင်တဲ့အတွက် အန်အယ်လ်ဒီက ကြိုက်သလို လုပ်လို့ ရတာပေါ့။ ကျနော်တို့ဆိုရင် ဥက္ကဋ္ဌရော၊ ဒု-ဥက္ကဋ္ဌရော အန်အယ်လ်ဒီဖြစ်ခဲ့တာပေါ့။ အခုကျတော့ အန်အယ်လ်ဒီက ၉ မဲပဲဆိုတဲ့အခါကျတော့ နည်းနည်းခက်ခဲလိမ့်မယ်လို့ ထင်တယ်။နောက် အရင် တိုင်းရင်းသားကို လာတွေ့တဲ့ကိစ္စကလည်း ကျနော့် ရှု့ထောင့်နဲ့အမြင်ကတော့ တွေ့သင့်ပါတယ်။ နှစ်ဖက်လုံးကလည်းလိုတယ်လို့ပဲ ကျနော်မြင်တယ်။ ဒါကတော့ ပွင့်ပွင့်လင်းလင်းပြောတာ။ ပြည်သူ့ အတွက်ကို ဦးစားပေးမယ်ဆိုလို့ရှိရင်တော့ တွေ့သင့်ပါတယ်။”

မေး။ လာမယ့်တတိယအကြိမ် လွှတ်တော်အတွက် အခုလက်ရှိဒုတိယလွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ ဘာတွေ အကြံပြုပြောချင်ပါသလဲ။

ဖြေ။  “ကျနော်အတွေ့အကြုံအရ ကျနော်လွှတ်တော် ဥက္ကဋ္ဌ စဖြစ်တဲ့အချိန်မှာပဲ သစ်တွေ ဖမ်းတဲ့ကိစ္စပေါ့။ အဲဒါဆိုလို့ရှိရင် လုပ်လို့မရဘူးလို့သူတို့ပြောတယ်ဆိုတော့ လာမယ့်ကိုယ်စားလှယ်အားလုံးက အခုန တရားဥပဒေ စိုးမိုးရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၁ (ဂ)လေးကို ကြေကြေညက်ညက်အလွတ်ရအောင်ဖတ်ပါလို့။ အဲဒါဆိုရင် အကုန်လုံး လုပ်လို့ရတယ်လို့။ သို့မဟုတ်ဆိုရင် နယ်မြေကျဉ်းတယ်လို့။ လုပ်ရတာ‌လေ။ ဟိုဟာထောက်၊ ဒီဟာထောက်ပေါ့။ အမှန် ၂၁ (ဂ)ကလည်း ကျနော်တို့က ပြည်သူများ အေးချမ်းသာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံသားတိုင်းတာဝန်ရှိဆိုတဲ့အချက်၊ ကျနော်ကတော့ အဲဒီဟာနဲ့ပဲ အခု ကျနော့်ရဲ့ ၅ နှစ်တာ ကာလလုံး အဲဒီတချက်လေးနဲ့ ကျနော်က သွားလိုက်တာ။ ”

မေး။ တခြားဘာတွေဖြည့်စွက်ပြောချင်တာရှိလဲ။

“ နောင်တက်လာမယ့်ကိုယ်စားလှယ်တွေပေါ့နော်။ ဘယ်နေရာပဲ ကျကျပေါ့။ ကျနော်တို့လည်း ဒီနေရာမှာ ကုသိုလ်ကံနဲ့လည်းဆိုင်တယ်။ အကြောင်းကြောင်းကြောင့်လည်းဆိုင်တယ်။ ဆိုင်တဲ့နေရာမှာ ကျတဲ့နေရာမှာ ပြည်သူကို ဦးတည်ပြီးမှ ဆောင်ရွက်သွားလိုက်။ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် အောင်မြင်ပြီးသားပဲ။ လာမယ့်သက်တမ်းလည်း အောင်မြင်ပြီးသားပဲ။ ဒါပြည်သူကို ဦးတည်မယ်ဆိုလို့ရှိရင်လေ။ ပြည်သူကိုသာ မထီမဲ့မြင်လုပ်မယ်ဆိုလို့ရှိရင်တော့ အဲဒီကိုယ်စားလှယ်က ကျရှုံးမယ်လို့ ကျနော်ပြောချင်ပါတယ်။ နောက် အဲမှာ ဘာမှ အတွေ့အကြုံမရှိဘဲနဲ့ဆိုပြီးမှ ဝမ်းနည်းစရာမလိုဘူး။ ကလေးတောင်မှ ကျောင်းစတက်ရင်သင်ရသေးတာပဲနော်။ ဆိုတော့ လေ့လာအားကောင်းတဲ့သူက မြန်သွားမှာပဲ။ လေ့လာဖို့လိုတယ်။ မလေ့လာဘဲကတော့ မရဘူး။ ဘာလဲဆိုတော့ လွှတ်တော်ကလည်း တော်တော်လေးကို ကျယ်ပြန့်တယ်။  ကျနော်လည်း တော်တော်လေးကိုလေ့လာခဲ့ရတယ်။ နောက်တခုက ငါက ကိုယ်စားလှယ်တယောက်ဖြစ်ပြီးမှ ရေးရာအဖွဲ့တွေကိုလည်း အားကိုးဖို့လိုပါတယ်။ ဝန်ထမ်းပေါ့နော်။ သက်ဆိုင်ရာဝန်ထမ်းလည်းအားကိုးဖို့လိုတယ်။ နောက် တဆက်စပ်ထဲ CSOပေါ့နော်။  DATA ရဖို့လေ။ နောက်အစိုးရရောက်သွားတဲ့လူကလည်း လွှတ်တော်နဲ့ ပူးပေါင်းရမှာပဲ။ လွှတ်တော်မှာ ကျန်ခဲ့တဲ့လူကလည်း အစိုးရနဲ့ ပူးပေါင်းရမှာပဲ။ အကုန်လုံးပဲ အဲလို ပေါင်းစပ်ပြီးမှ လုပ်သွားမယ်ဆိုရင် အဲဒီကိုယ်စားလှယ်ကတော့ အောင်မြင်မှာပါလို့။ ”

ခုလိုအချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024