Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲ ထပ်မံဖြစ်ပွား
နန်းမြနဒီ
·
September 24, 2013
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် နမ္မတူမြို့နယ်ထဲမှာ အပစ်အခတ်ရပ် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ မိုင်းယဉ်ကျေးရွာအုပ်စုထဲမှာပဲ အစိုးရဘက်က ခမရ ၅၀၄  နဲ့ လားရှိုးဘက်ကတက်လာတဲ့ အကူတပ်တွေ ပူးပေါင်းပြီး  နမ္မတူမြစ် တဘက်ခြမ်းက သူတို့တပ်တွေကို လိုက်တိုက်တဲ့အတွက် ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတာလို့  ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ရဲ့ ပြန်ကြားရေးဌာနက ဗိုလ်ကြီး စိုင်းဖုန်းဟန်က ပြောပါတယ်။ “မနေ့မနက် ၄ နာရီခွဲကနေ ၁၀ နာရီ ၁၁ နာရီလောက်အထိ တိုက်ပွဲတွေ ဖြစ်တယ်။ အစိုးရစစ်တပ်တွေကနေ နမ္မတူချောင်းကို ကျော်ပြီး ကျနော်တို့တပ်တွေကို လာရောက် ပစ်ခတ်တိုက်ခိုက်မှုကနေပြီး တိုက်ပွဲပွဲတွေ စဖြစ်တာပါ။” သူတို့ဘက်က တောအုပ်အတွင်းပိုင်းဘက်ထဲဝင်ပြီး တပ်ဆုတ်ပေးလိုက်တဲ့အတွက် ဒီနေ့မှာ ပစ်ခတ်မှုတွေ ရှိပေပယ့်လည်း အစိုးရတပ်ဘက်ကတော့ ဆုတ်ခွာသွားတာ မရှိကြောင်း၊ သူတို့နောက်ကို အစိုးရတပ်က တောနင်းပြီး လိုက်လာခဲ့မယ်ဆိုရင် ပစ်ခတ်မှုက အချိန်မရွေး ဖြစ်ပွားနိုင်ကြောင်း သူက ဆက်ပြောပါတယ်။ မနေ့က ပစ်ခတ်မှုတွေကြောင့် ကုန်းမုန့်ရွာက ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဆရာ တော်နဲ့ ကိုရင်တွေ မနေရဲဘဲ ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ပြီး အနီးက ရွာသားတွေလည်း ကြောက်ရွံ့နေကြကြောင်း၊ ဒီလို ထိုးစစ်ဆင်နေတာကို ရပ်တန့်ဖို့ လားရှိုးမှာရှိတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဆက်ဆံရေးရုံးကနေတဆင့်  ရှမ်းပြည်နယ် နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးအောင်သူဆီကို  ပန်ကြားထားတယ်လို့ ဗိုလ်ကြီးစိုင်းဖုန်းဟန်က ဆက်ပြောပါတယ်။ ဗိုလ်မှူးကြီးအောင်သူက  သက်ဆိုင်ရာကို ပြောပေးမယ်လို့ ပြန်ကြားခဲ့ကြောင်း၊ ဒီမတိုင်ခင် ပြီးခဲ့တဲ့အပတ်က တိုက်ပွဲဖြစ်ပြီး နောက်တနေ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ဗိုလ်မှူးကြီး အောင်သူဆီကို အကြောင်းကြားခဲ့ပေမယ့်  ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတယ်လို့ သူကပြောပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အပါအ၀င်ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဟာ ပြီးခဲ့တဲ့အပတ် စက်တင်ဘာ ၂၀ ရက်နေ့က ငြိမ်းချမ်းရေးဖော်ဆောင်ရေးဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့လည်း တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုတွေ မဖြစ်ပွားအောင် ၂ ဘက်တပ် ရှောင်ရှားရေးတွေ ပြောခဲ့သေးတယ်လို့ ဗိုလ်ကြီးစိုင်းဖုန်းဟန်က ပြောပါတယ်။ ပစ်ခတ်မှုတွေအကြား ရွာသားတွေရဲ့ အခြေအနေကိုသိရဖို့ ဖုန်းနဲ့ ကြိုးစား ဆက်သွယ်နေဆဲ  ဖြစ်ပါတယ်။ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရအကြား ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေး ထိုးထားပေမယ့် ၁ နှစ်ခွဲကျော်ကာလမှာ တိုက်ပွဲကြီး၊ ငယ် စုစုပေါင်း ၂၀၀ ကျော် ပြန် ဖြစ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024