
(ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
မြန်မာ့ဂီတလောကမှာ ဆယ်စုနှစ်ချီ နေရာယူနိုင်ခဲ့တဲ့ နာမည်ကြီး ဟစ်ဟော့ပ် တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ အက်ဆစ်(ACID)အဖွဲ့ရဲ့ ဒီဂျစ်တယ်လ်တေးဂီတဖျော်ဖြေပွဲကို လာမယ့် ဖေဖော်ဝါရီ ၆ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။
ရန်ရန်ချန်း၊ ဇေယျာသော်၊ အနဂ္ဂနဲ့ ဟိန်းဇော်တို့ ပါဝင်တဲ့ အက်ဆစ်(ACID)အဖွဲ့ ဟာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်မှာ စတင်ခြင်းအမည်ရတဲ့ တေးအယ်လ်ဘမ်နဲ့ ဂီတလောကထဲကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ပရိသတ်အားပေးလက်ခံမှုနဲ့ တခေတ်ဆန်းတဲ့ ဟစ်ဟော့ပ် တေးဂီတလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ထဲက အဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဟိန်းဇော်က ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တာမို့ ခုတခါမှာတော့ ကျန်ရှိတဲ့ အဖွဲ့ဝင် ၃ ယောက်က ပရိသတ်တွေ လက်ခံအားပေးခဲ့ကြတဲ့ သီချင်းတွေနဲ့ ပြန်လည်သီဆိုဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၂၀ က အက်ဆစ်(ACID)အဖွဲ့ကို စင်မြင့်ထက်မှာ တကျော့ပြန် ရှုစားနားဆင်ကြရမယ့် ဒီဖျော်ဖြေပွဲကိုတော့ ဖေဖော်ဝါရီ ၆ ရက် ည ၇ နာရီမှာ တယ်လီ နောမြန်မာဖေ့စ်ဘွတ်ခ်စာမျက်နှာနဲ့ Channel K ရုပ်သံလိုင်းတွေမှာ တိုက်ရိုက်ကြည့်ရှုနိုင် မှာ ဖြစ်ပါတယ်။