ဒဏ္ဍာရီလာ နဂါးတိုင်းပြည်ထဲက သူရဲကောင်းမလေးအကြောင်းရုပ်ရှင်-Raya and the Last Dragon(နမူနာ)
ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ကွန်ပြူတာအဲန်နီမေးရှင်းရုပ်ရှင် Raya and the Last Dragon ကို လာမယ့် မတ်လဆန်းမှာ ရုံတင်ပြသဖို့ ကြော်ငြာထားပါတယ်။
ဒီရုပ်ရှင်ကိုတော့ နာမည်ကျော် Walt Disney Pictures ကနေ တင်ဆက်လိုက်တာ ဖြစ်ပြီး Winnie the Pooh (2011) ၊ Big Hero 6 (2014) ရုပ်ရှင်တွေနဲ့ နာမည်ကြီးတဲ့ ဒါရိုက်တာ Don Hall နဲ့ Carlos López Estrada တို့က ပူးတွဲရိုက်ကူးထားတာပါ။
ရှေးနှစ်ပေါင်းများစွာတုန်းက Kumandra ဆိုတဲ့ ထူးခြားဆန်းကြယ်မှုတွေနဲ့ ပြည့် နှက်နေတဲ့ ကမ္ဘာကြီးထဲမှာ နဂါးတွေနဲ့ လူသားတွေ အတူတကွ ငြိမ်းချမ်းစွာပဲ နေထိုင် ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ကမ္ဘာကို Druun လို့ခေါ်တဲ့ မကောင်းဆိုးဝါးတွေက ခြိမ်းခြောက်လာချိန်မှာတော့ လူသားတွေကို ကယ်ဖို့ နဂါးတွေဟာ စတေးခံခဲ့ကြပါတယ်။
နှစ်ပေါင်း ၅၀၀ ကြာခဲ့ပြီးတဲ့အချိန်မှာ မကောင်းဆိုးဝါးတကောင်က တကျော့ပြန် ရောက်လာခဲ့ချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ကွဲပြားနေပြီတဲ့ နယ်မြေတွေနဲ့ လူတွေကို စုစည်းဖို့အတွက်ရယ်၊ နောက်ဆုံးကျန်ခဲ့တဲ့ နဂါးကို ခြေရာခံလိုက်ဖို့အတွက် သူရဲကောင်းမလေး Raya က တခုတည်းသော မျှော်လင့်ချက်ဖြစ်လာချိန်မှာတော့ သူ့ရဲ့ နှစ်ချီလေ့ကျင့်လာခဲ့တဲ့ သိုင်းအစွမ်းကို အသုံးချပြီး ဘယ်လိုတွေ ကယ်တင်မလဲဆိုတာ တွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ထဲမှာ ပါဝင်တဲ့ အဲန်နီမေးရှင်းနဲ့ ဒီဇိုင်းကိုတော့ အရှေ့တောင်အာရှဒေသ တွင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေရဲ့ ရိုးရာဓလေ့၊ ယုံကြည်မှုနဲ့ ယဉ်ကျေးမှုအငွေ့အသက်တွေလည်း လွှမ်းမိုးနေသလို ပါဝင်တဲ့ သရုပ်ဆောင်တွေအများစုကလည်း အာရှနဲ့ အမေရိကန် သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kelly Marie Tran ၊ Awkwafina ၊ Gemma Chan ၊ Daniel Dae Kim ၊ Sandra Oh ၊ Benedict Wong တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
ဇာတ်ကားထဲမှာ အသုံးပြုမယ့် ဒဏ္ဍာရီလာ Kumandra ကို ဖန်တီးတည်ဆောက် နိုင်ဖို့ ရုပ်ရှင်အဖွဲ့သားတွေဟာ မလေးရှားနဲ့ မြန်မာကလွဲလို့ တခြားအရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်သုတေသနပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီကားထဲမှာ ပါဝင်တဲ့ တချို့ ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာတွေ ပါဝင်နေတာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့် တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။
ယူကျုဘ်ပေါ်မှာတော့ ဒီရုပ်ရှင်ကား Trailer ကို လက်ရှိအချိန်ထိ ဝင်ရောက်ကြည့် ရှုကြတဲ့ အကြိမ်ရေ ၁၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လတုန်းက ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုံတင်ရက်ကို ရွှေ့ဆိုင်းခဲ့ရပြီး လက် ရှိမှာတော့ လာမယ့် မတ်လ ၅ ရက်နေ့မှာ ပြသသွားမယ်လို့ ကြေညာထားပါတယ်။