ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ဇန်နဝါရီ ၂၇ ရက် မနက်အစောပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမရှိသူ ၁၃ ယောက် ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
သာပေါင်းဘက်ကနေလာတဲ့ မော်တော်ယာဉ်ကို ပုသိမ်ကြိုးတံတားဂိတ်မှာ စစ်ဆေးရန်တားရာ ရပ်မပေးဘဲ ဖြတ်သန်းမောင်းနှင်ခဲ့လို့ ရဲတပ်ဖွဲ့က ဒိုက်ထူးစစ်ဆေးရေးဂိတ်မှာ ပိတ်ဆို့ဖမ်းဆီးရာကနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁၂ ယောက်ကို ဖမ်းမိခဲ့တာပါ။
တိုင်းရဲတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက " ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတုန်းမှာ ဖမ်းမိတာပါ။ လောလောဆယ်တော့ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေး ထားပါတယ်''လို့ ပြောပါတယ်။
ဖမ်းမိသူ ၁၃ ယောက်ကို ပုသိမ်တက္ကသိုလ်ရှိ တေဇဆောင်မှာ ကွာရန်တင်းထားရှိပြီး ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးသွားဖို့ ရှိနေပါတယ်။
နိုင်ငံသားအထောက်အထားမဲ့တွေကို သာပေါင်းကနေ ရန်ကုန်သွားဖို့ လိုက်ပို့ခဲ့တဲ့ ကားမောင်းသမားနဲ့ အကူ အမျိုးသားနှစ်ဦးကို ပုသိမ်မြို့မ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေး နေပါတယ်။
ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့နယ်မှာ ဇန်နဝါရီ ၁၉ ရက်က ဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ ၃၄ ယောက်ကိုလည်း ဇန်နဝါရီ ၂၅ ရက်နေ့က သူတို့နေရပ်ကို အစိုးရအဖွဲ့အစီစဉ်နဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
မင်းထက်မုန်း (ပုသိမ်)