လွှတ်တော်အစည်းအဝေးတက်ဖို့ ကျန်းမာရေးစစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုးတွေ့ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဟာ ဒီနေ့ ဇန်နဝါရီ ၂၇ ရက်မှာ ဆေးရုံက ဆင်းခွင့်ရပြီ ဖြစ်ပါတယ်။
ဒေါ်ဖြူဖြူသင်းအပါအဝင် ကိုယ်စားလှယ် ၄ ယောက်နဲ့ မိသားစုဝင် ၂ ယောက်တို့ ကိုဗစ်-၁၉ ပိုးတွေ့တာကြောင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံမှာ တက်ရောက်ခဲ့ရတာပါ။
ဒေါ်ဖြူဖြူသင်းက “၂၂ ရက်နေ့မှာပဲ ပေါ့စတစ်ဆိုတာသိရပြီး ဆေးရုံကိုရောက်တယ်။ ၂၃ ရက်နေ့မှာ Antibody (ရောဂါအတွက် ခုခံအား) စစ်တော့ ရှိတယ်။ ဒါနဲ့ပဲ ၂၅ ရက်နေ့မှာတခါ ကိုဗစ် ထပ်စစ်တယ်။ ဒီတခါမှာတော့ (RTD) Test Kit နဲ့ စစ်တာ မဟုတ်ဘဲ ရန်ကုန် အမျိုးသား ဓာတ်ခွဲခန်းကို ပို့ပြီး စစ်တော့ ပိုးမတွေ့တော့ဘူး။ ကျမက လွန်ခဲ့တဲ့ ၁ လလောက်က ငွေ့ငွေ့ဖျားတယ်။ ရိုးရိုးဖျားတယ်လို့ပဲ ထင်ခဲ့တာ။ အနံ့လည်း ပျောက်ခဲ့ပေမယ့် သတိမထားမိခဲ့ဘူး။ ဒါကြောင့် အလုပ်နဲ့ ပတ်သက်နေတဲ့သူတွေကို အကြောင်းကြားပြီး အိမ်မှာပဲ Home Quarantine ဝင်ခဲ့တာ” လို့ ပြောပါတယ်။
ကွာရန်တင်းဝင်ပြီးနောက် အလုပ်တွေဆက်လုပ်တဲ့အခါလည်း ပါးစပ်နဲ့နှာခေါင်းစည်းတပ်တာ မျိုး အကာအကွယ်တွေနဲ့သွားလာခဲ့တာကြောင့် ဆက်စပ်ကူးစက်ခဲ့သူတော့ တယောက်မှ မရှိဘူးလို့လည်း သူက ပြောပါတယ်။
ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မိသားစုဝင်တွေဟာလည်း အခု ပိုးရှိနေတာ မဟုတ်ဘဲ လွန်ခဲ့တဲ့ ၂ လ၊ ၂ လကျော်ကပဲ ကူးစက်ခံခဲ့ရသူတွေဖြစ်တယ်လို့ သူက ပြောပါတယ်။
“ပိုးတွေ့တယ်ဆိုတော့ ပြန်စဉ်းစားတဲ့ခါ ရက်တွေ မှတ်မိလာကြတာ။ အဲဒီတုန်းက တုပ်ကွေးလို့ပဲ ထင်ခဲ့ကြတာ။ တချို့ဆို ၂ လ၊ ၂ လခွဲလောက်ကပဲ အဲလို ဖြစ်ခဲ့ကြတာ။ PCR နဲ့ စစ်တော့ အခု ပိုးမတွေ့တော့ဘူးပေါ့” လို့ ပြောပါတယ်။
သူတို့ဟာ အခု ဆေးရုံက ဆင်းခွင့်ရပေမယ့် အဆောင်တွေမှာ ၇ ရက် ကွာရန်တင်းဝင်းရဦးမှာ ဖြစ်ပါတယ်။
ဒေါ်ဖြူဖြူသင်းဟာ မင်္ဂလာတောင်ညွှန်မြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး HIV/AIDS ကူးစက်ခံရသူတွေကို ခိုလှုံရာဂေဟာဖွင့်လှစ် ကူညီစောင့်ရှောက်ပေးနေသူဖြစ်ပါတယ်။