A d v e r t i s e m e n t With Us

မော်ကျွန်းမြို့နယ်တွင်ဖမ်းမိသည့် အထောက်အထားမဲ့ ၃၄ ဦးကို နေရပ်ပြန်ပို့

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမရှိသူ   ၃၄  ယောက်ကို  ဇန်နဝါရီ ၂၆ ရက်က  နေရပ် ပြန်ပို့ပေးခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့က သစ်ပုတ်ကျေးရွာအနီး ရာဇူဒိုင်မြစ်ထဲမှာ ရပ်ထားတဲ့ စက်လှေကို မသင်္ကာလို့ စစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကွာရန်တင်းပုံစံထားရှိကာ ကိုဗစ်-၁၉ ရောဂါ ရှိ မရှိ စစ်ဆေးပြီးနောက် နေရပ် ပြန်ပို့ပေးခဲ့တာလည်း ဖြစ်ပါတယ်။  ကိုဗစ်ရောဂါပိုးရှိ မရှိ စစ်ဆေးချိန်မှာ ရောဂါပိုးမတွေ့ရှိဘူးလို့  သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေယံထွန်းက "တိုင်းဒေသကြီးအစိုးရရဲ့အစီစဉ်နဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေဖြစ်တဲ့ လဝကနဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး သူတို့လာတဲ့ နေရပ်ကို ဒီနေ့ပြန်ပို့ပေးလိုက်ပါပြီ'' လို့ ပြောပါတယ်။ 

ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ၃၄  ယောက်ကို လိုအပ်တဲ့ အစားအသောက်နဲ့ အဝတ်အစားတွေ ထောက်ပံပေးထားပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းကလည်း ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာဖမ်းမိခဲ့တဲ့ နိုင်ငံသားအထောက်အထားမဲ့ ၇ ဦးကို သူတို့နေထိုင်ရာဇာတိတွေကို ပြန်လည်ပို့ဆောင်ပေး ခဲ့ပါတယ်။

ဧရာ၀တီတိုင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း  ရခိုင်ပြည်နယ်က၀င်ရောက်လာတဲ့ နိုင်ငံသား အထောက်အထားမဲ့ ဖမ်းမိမှု ၃ ကြိမ်  ရှိခဲ့ပြီး အမျိုးသား ၃၇ ဦးနဲ့ အမျိုးသမီး ၆၉ ဦး စုစုပေါင်း ၁၀၆ ဦးကို ဖမ်းဆီးခဲ့တယ်လို့  တိုင်းရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - ထွန်းထွန်းနိုင် (မော်ကျွန်း)

A d v e r t i s e m e n t With Us

More News
Up