ဘဏ္ဍာရေးအကျပ်အတည်း ပြန်နာလန်ထူမည့်အလားအလာရှိဟု ILO ပြော

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့အလုပ်ချိန် စုစုပေါင်းရဲ့ ၈ ဒသမ ၈ ရာခိုင်နှုန်း ဆုံးရှုံးခဲ့တာဟာ ၂၀၀၉ ဘဏ္ဍာရေး အကျပ်အတည်းအတွင်း ဆုံးရှုံးခဲ့တာထက် လေးဆပိုများပေမဲ့ ပြန်နာလန်ထူမယ့် လက္ခဏာတွေတော့ ရှိနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ကြီး (ILO) က ဇန်နဝါရီ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။

ILO က ဒီဆုံးရှုံးမှုဟာ အချိန်ပြည့်လုပ်သား ၂၅၅ သန်း အလုပ်ပြုတ်တာနဲ့ ညီမျှတယ်။ တကယ်တော့ လုပ်သား ၁၁၄ သန်း အလုပ်အကိုင် ဆုံးရှုံးခဲ့ပြီး တခြားလူတွေက ကန့်သတ်ချက်တွေကြောင့် အလုပ်ချိန် လျှော့ချခံခဲ့ရတာ”လို့လည်း  ပြောပါတယ်။

ဒါကြောင့် ကမ္ဘာ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ရဲ့ ၄ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ ထရီလီယံ ဆုံးရှုံးခဲ့တယ်လို့ ILOက ကပ်ဘေးဆိုင်ရာ ၇ ကြိမ်မြောက် အစီရင်ခံစာထဲမှာ ပြောပါတယ်။

ဒီနှစ်နဲ့ လာမယ့်နှစ်မှာ ပိုများတဲ့ အလုပ်ချိန်နာရီတွေ ဆုံးရှုံးလိမ့်ဦးမယ်လို့လည်း ILO ညွှန်ချုပ် ဂိုင်းရိုက်ဒါက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“သတင်းကောင်းကတော့ ပြန်နာလန်ထူမယ့်လက္ခဏာတွေ မြင်ထားတယ်။ ဒါပေမဲ့ အဲဒီ လက္ခဏာတွေက ထိခိုက်ပျက်စီးလွယ်ပြီး မသေချာသေးဘူး။ အလားအလာတွေကလည်း ညီမျှမှာ မဟုတ်ဘူး”လို့ သူက ဆက်ပြောပါတယ်။

အလုပ်အကိုင် ဆုံးရှုံးရာမှာ အမျိုးသမီးတွေနဲ့ လူငယ်လုပ်သားတွေက အထိခိုက်ဆုံး ဖြစ်ပြီး အပြင်းထန်ဆုံး ထိခိုက်တဲ့ လုပ်ငန်းခွင်တွေက နေရာထိုင်ခင်း၊ စားသောက်ကုန် ဝန်ဆောင်မှု၊ လက်လီနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍတွေလို့ အစီရင်ခံစာက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်း ဘဏ္ဍာရေးနဲ့ သတင်းအချက်အလက် နည်းပညာ နယ်ပယ်တွေမှာတော့ ဆက်ပြီး တိုးတက်နေတယ်လို့လည်း ရိုက်ဒါက ပြောပါတယ်။

၂၀၂၁ ဒုတိယနှစ်ဝက်မှာတော့ ကာကွယ်ဆေး အစီအစဉ်တွေ စတင်သက်ရောက်ပြီဖြစ်လို့ အလုပ်အကိုင် အခြေအနေတွေ ပိုအားကောင်းကောင်းနဲ့ နာလန်ထလာမယ်လို့ ခန့်မှန်းချက်တွေက ဖော်ပြထားကြောင်း ILO အစီရင်ခံစာက ဆိုထားပါတယ်။

More News
Up