ဒီမိုကရေစီစံနှုန်းနှင့်မညီသည့် ဥပဒေအားလုံး ရုပ်သိမ်းပေးရန် တောင်းဆို
နန်းမြနဒီ
·
September 23, 2013
မတရားအသင်း အက်ဥပဒေအပါအ၀င် ဒီမိုကရေဒီစံနှုန်းနဲ့ မကိုက်ညီတဲ့ ဥပဒေတွေ အားလုံး ရုပ်သိမ်းပေးဖို့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၃ ရက်ကြာ ကျင်းပတဲ့ တိုင်းရင်းသား ဆွေးနွေးပွဲက တောင်းဆိုလိုက်ပါတယ်။
ရှမ်း၊ ကယား၊ မွန် ၃ ပြည်နယ်အတွင်းက တိုင်းရင်းသားတွေနဲ့ အဖွဲ့အစည်းပေါင်း ၅၀ ကျော် တက်ရောက်တဲ့ ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာဆွေးနွေးပွဲကနေ တောင်းဆိုခဲ့တာလို့ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။
“မတရားအသင်း ဥပဒေဆိုတာက ၁၇ (၁) လိုဟာမျိုး၊ အခုနောက်ပိုင်းမှ ထုတ်လိုက်တဲ့ ၅၀၅ တို့ ဥပဒေတွေက မလိုလားအပ်တဲ့ ဥပဒေတွေပေါ့။ မီဒီယာဆိုင်ရာ ဥပဒေလည်း ရှိသေးတယ်။ ဒါကြောင့် လောလောလတ်လတ် ပယ်ဖျက်ဖို့ လိုအပ်တဲ့ ဥပဒေကတော့ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်၊ စည်းရုံးဟောပြောခွင့်ဆိုတဲ့ အရင် သူတို့ဆီ ခွင့်ပြုချက်တင်ပါ၊ မတင်ဘဲနဲ့ လုပ်ရင်ဆိုတာမျိုး ဥပဒေတွေက ချက်ချင်းလက်ငင်း ပယ်ဖျက်သင့်တဲ့ မလိုလားအပ်တဲ့ ဥပဒေတွေပဲဖြစ်တယ်။ အသေးစိတ်ပြောရင် အများကြီး ရှိသေးတယ်။”
ဒါ့အပြင် တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး၊ တန်းတူကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ညီလာခံတရပ် ကျင်းပရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် ဒါမှမဟုတ် ပြန်လည်ရေးဆွဲရေး စတဲ့အချက်တွေကိုလည်း ဘုံသဘောတူညီချက် ရရှိခဲ့ကြပါတယ်။
ဒီသဘောတူချက်တွေနဲ့ ပတ်သက်ပြီး အကြောင်းအရာ တခုချင်းအလိုက် ဘာ့ကြောင့် ပြင်ဆင်ဖို့ လိုအပ်သလဲ၊ ဘာ့ကြောင့်တောင်းဆိုရသလဲ ဆိုတာတွေကို တိုင်းရင်းသားပြည်သူ တရပ်လုံး သဘောပေါက်နားလည်ဖို့လိုပြီး ဒီကနေတဆင့် အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ လက်ခံလာအောင်ကြိုးပမ်းသွားမယ်လို့ ဆွေးနွေးပွဲတက်ရောက်သူတွေက ပြောပါတယ်။
အခုဆွေးနွေးပွဲကို ပြည်နယ် ၃ ခုခေါင်းစဉ်နဲ့ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးခဲ့ပေမယ့်လည်း မြန်မာအပါအ၀င် အခြားတိုင်းရင်းသားလူမျိုးချင်းချင်းကြား၊ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တောင်ပေါ်နဲ့ ပြည်မ ကြားမှာပါ ယုံကြည်မှုတွေ ပိုပြီးတိုးတက်လာတာကို လက်တွေ့ မြင်သိရကြောင်း ဦးစိုင်းလိတ်က ပြောပါတယ်။
အခုလို တိုင်းရင်းသားအဖွဲ့တွေ ပူးပေါင်းပြီး ကရင်း၊ ကချင် ၊ ချင်း၊ ရခိုင်၊ ပြည်မ စတဲ့ တိုင်းရင်းသားလူမျိုးတွေကြား ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲတွေ တဆင့်ပြီးတဆင့် ကျင်းပသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားများ ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို ပထမအဆင့်မှာ ရှမ်းတိုင်းရင်းသား အချင်းချင်းကြား ၊ ဒုတိယဆင့်မှာ ရှမ်း နဲ့ ကယားပြည်နယ် ၊ တတိယဆင့်ကို ရှမ်း ၊ ကယား နဲ့ မွန် ၃ ပြည်နယ်ပေါင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၁ ရက်ကနေ ၂၃ ရက်အထိ ကျင်းပတဲ့ တတိယဆင့် ဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီအဖွဲ့ပေါင်း ၂၁ ပါတီ၊ အပစ်ခတ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့၊ အရပ်ဘက် လူ့အဖွဲ့အစည်း ၃ ဖွဲ့နဲ့ လေ့လာသူအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ အပါအ၀င် စုစုပေါင်း လူ ၃၃၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ Read more