Home
မြန်မာသတင်း
တပ်မတော်အာဏာမသိမ်းဟု မပြောနိုင်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော
DVB
·
January 26, 2021

တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ယူမယ်လို့လည်း မပြောနိုင်သလို  မယူဘူးလို့လည်း မပြောဘူးလို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်က နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက “တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့”  မှတ်ယူလို့ရလားလို့  မေးမြန်းခဲ့တဲ့အပေါ် တုံ့ပြန် ပြောဆိုလိုက်တာပါ။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မရပါဘူး။ ကျနော် ပြောတဲ့အထဲမှာ ပါပြီးသားဖြစ်တယ်။ တပ်မတော်အနေနဲ့ ဒါဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို ကျနော်တို့က လိုက်နာသွားမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများကို လိုက်နာသွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီမိုကရေစီစနစ်ကို မယိမ်းယိုင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများမှာ လေ့လာကြည့်ရင် ပြောနိုင်ပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့ ခင်ဗျားကို တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်ကို ယူမယ်လို့လည်း မပြောဘူး။ မယူဘူးလို့လည်း မပြောဘူး။ ပြောနိုင်တာ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် လက်ရှိတည်ဆဲဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်ဘဲ ကျနော်တို့ လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟု ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က မဲစာရင်းစိစစ်တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့သလို ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေတယ်ဆိုပြီး  တပ်မတော်က ထပ်မံစွပ်စွဲ ပြောဆိုသွားခဲ့ပါတယ်။ 

လတ်တလော မြန်မာနိုင်ငံတဝန်း မြို့တွေနယ်တွေအသီးသီးမှာ  တပ်မတော် ထောက်ခံပွဲတွေကို ဆက်တိုက်စီစဉ်ပြုလုပ်တာရှိပါတယ်။

ဒါ့အပြင် မျိုးချစ်တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ တိုင်းပြည်ကို ကယ်တင်ပေးပါရန် ရဟန်းရှင်/လူပြည်သူလူထုတရပ်လုံးမှ တာဝန်ပေးအပ်ထားတဲ့ တိုင်းပြုပြည်ပြု လူထုတွေ့ဆုံဆွေးနွေးပွဲကြီးနဲ့ တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပွဲကို ဇန်နဝါရီ ၂၉ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်ဖို့ အစီအစဉ် ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024