Home
မြန်မာသတင်း
ရှေ့နေ ဦးကြီးမြင့်၏ “ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ယနေ့မြန်မာ့နိုင်ငံရေး” စာအုပ် မိတ်ဆက်
DVB
·
January 25, 2021

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ရေးသားတဲ့ “ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ယနေ့ မြန်မာ့နိုင်ငံရေး” စာအုပ်မိတ်ဆက်ပွဲကို ဇန်နဝါရီ ၂၅ ရက်က ရန်ကုန်မြို့ Pen Myanmar ရုံးခန်းမှာ ကိုဗစ်-၁၉ စည်းကမ်းတွေနဲ့အညီ ကျင်းပပါတယ်။

ရှစ်လေးလုံးကာလကို ဥပဒေသမားတစ်ယောက်ရဲ့အမြင်နဲ့ ရေးသားဖော်ပြထားတဲ့ ဒီစာအုပ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးနည်းလမ်းတွေကိုလည်း ဖော်ပြထားပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုနည်းလမ်းနဲ့ ပြင်ဆင်နိုင်မယ်၊ အသစ်ပြန်ရေးမယ်ဆိုရင် ဘယ်လိုနည်းလမ်းနဲ့ အသစ် ရေးဆွဲရမယ်ဆိုတာတွေကို ရေးထားပါတယ်။ လူငယ်ပရိသတ်တွေ လက်ထဲကို ရောက်စေချင်ပါတယ်။ သမိုင်းအမှန်ကို လူငယ်တွေကို သိစေချင်ပါတယ်။ ရှစ်လေးလုံးကာလနဲ့ပတ်သက်ပြီး လူသိနည်းနေသေးတဲ့ အကြောင်းအရာတွေကိုလည်း ရေးထားပါတယ်” လို့ ဦးကြီးမြင့်က ပြောပါတယ်။

စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ရှစ်လေးလုံးမျိုးဆက်တစ်ဦးဖြစ်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ဒေါက်တာခင်မောင်ညို၊ ဒေါက်တာဒေါ်ညိုညိုသင်း၊ ဦးဝင်းထွဋ်ဇော်တို့လို နိုင်ငံရေးသမားတွေနဲ့ စာရေးဆရာတွေ တက်ရောက်ခဲ့ပါတယ်။

“ရှစ်လေးလုံးသမိုင်းတွက် ဆရာ့စာအုပ်မှာ အငြင်းပွားစရာတွေ၊ အစဆွဲစရာတွေရှိပါတယ်။ ဒါပေမဲ့ အချက်အလက်တွေနဲ့ ကြိုးစားပြီး ရေးသားထုတ်ဝေခဲ့တဲ့ ဆရာ့ကို ကျေးဇူးတင်ပါတယ်” လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

အဆိုပါစာအုပ်မှာ ရှစ်လေးလုံးကာလ မြန်မာပြည်တွင်း နိုင်ငံရေးအခြေအနေတွေသာမက အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ထားခဲ့တဲ့ သဘောထားတွေနဲ့ ဆောင်ရွက်ချက်တွေကိုပါဖော်ပြထားပါတယ်။

စာရေးသူ ဦးကြီးမြင့်ဟာ စစ်အစိုးရလက်ထက်မှာ အကြိမ်ကြိမ် ဖမ်းဆီးထောင်ချတာခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဥရောပသမဂ္ဂ(EU) က သူ့ရဲ့ဆောင်ရွက်ချက်တွေအတွက် ဥရောပသမဂ္ဂ လူ့အခွင့်အရေးဆုကို ပေးအပ်ခဲ့ပါတယ်။

ဇေယျာချမ်းအေး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024