Home
မြန်မာသတင်း
တပ်မတော်က တိုင်းပြည်ကိုကယ်တင်ရန် တိုက်တွန်းပွဲ နေပြည်တော်၌ ကျင်းပရန်စီစဉ်နေ
DVB
·
January 25, 2021

တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးဖို့  ရဟန်းရှင်/လူပြည်သူလူထုတရပ်လုံးမှ တာဝန်ပေးအပ်ထားတဲ့ တိုင်းပြုပြည်ပြုလူထုတွေ့ဆုံဆွေးနွေးပွဲကြီးတစ်ခု နေပြည်တော်မှာ ကျင်းပဖို့ အမျိုးသားရေးလှုပ်ရှားသူတွေက စီစဉ်နေပါတယ်။

လူထုတွေ့ဆုံဆွေးနွေးပွဲကြီးအပြင် တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင်ကိုလည်း နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရှေ့မှာ စိုက်ထူသွားဖို့ရှိနေတယ်လို့ အခမ်းအနား အစီအစဉ်အရ သိရပါတယ်။

အခမ်းအနားကျင်းပမယ့် ဇေယျာသီရိမြို့နယ်၊ သပြေပင်ရွာထိပ်မှာတော့ မိတ္ထီလာမြို့နယ် ရဲတပ်ရင်းတစ်ခုမှ အင်အား ၃၀ ရှိ ရဲတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက လုံခြုံရေးယူထားကြပါတယ်။

အဆိုပါနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိတဲ့ မျိုးချစ်တပ်မတော်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ တိုင်းပြည်ကို ကယ်တင်ပေးပါရန် ရဟန်းရှင်/လူပြည်သူလူထုတစ်ရပ်လုံးမှ တာဝန် ပေးအပ်ထားတဲ့ တိုင်းပြုပြည်ပြု လူထုတွေ့ဆုံဆွေးနွေးပွဲကြီးနဲ့ တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပွဲကို ဇန်နဝါရီ ၂၉ ရက်မှာ ပြုလုပ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလူထုတွေ့ဆုံဆွေးနွေးပွဲနဲ့ ကျောက်တိုင်စိုက်ထူပွဲကို အမျိုးသားရေးလှုပ်ရှားသူတွေက ဦးဆောင်မှာဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့က ဒီပွဲအတွက် လာရောက်တဲ့ မင်းသားကြီး ဆိုသူနဲ့ သူ့ညီတို့ကို ရန်ကုန်-မန္တလေးအမြန်လမ်း၊ နေပြည်တော်အဝင်အထွက်ဂိတ်အနီးမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။

လက်ရှိမှာ မင်းသားကြီး ဆိုသူနဲ့ သူ့ညီတို့ကို အီလစ်ထရောနစ်ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၃(က)နဲ့ အမှုဖွင့်စစ်ဆေးနေ ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကလည်း ဇန်နဝါရီ ၂၁ ရက်က ကိုဗစ်ရောဂါကာကွယ်ရေး၊ ထိန်းချုပ်ရေးအတွက် လူ ၃၀ ဦးထက် စုဝေးခြင်းမပြုဖို့နဲ့ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်  မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်ချထား ကြပ်မတ်ဆောင် ရွက်နေတယ်လို့လည်း ထုတ်ပြန်ကြေညာထားပါတယ်။

နေဖြိုးဝင်း

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024