စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ နောင်ပိုအောင်ကျေးရွာနဲ့ သဖန်းကုန်းကျေးရွာကို ဆက်သွယ်ထားတဲ့ ဥရုမြစ်ကူးကြိုးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် ကျပ် ၅ ဘီလီယံအကုန်ကျခံပြီး အစားတိုးအဆင့်မြှင့်တင်နေပါတယ်။
လက်ရှိမှာ ဥရုမြစ်ကူးကြိုးတံတားခံနိုင်ရည်ဝန်အားအရ အလွန်ဆုံး ၁၃ တန်အလေးချိန်ရှိ ယာဉ်တွေကိုသာ ဖြတ်သန်းခွင့်ပေးထားပြီးေအခုဆောက်လုပ်တဲ့ ကွန်ကရစ်တံတားဟာ ၁၈ တန်အထက် ခံနိုင်ရည်ဝန်အားရှိတဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။
“လက်ရှိကြိုးတံတားက ၁၃ တန်ကားလောက်ပဲ ခွင့်ပြုပေးထားတာ။ ၁၂ ဘီးကားတွေဆို ဖြတ်လို့မရဘူး၊ ကျိုးကျမှာ။ ဒါ့ကြောင့် ဟိုဘက် ဒီဘက်ကို ဇက်ကူးတို့အသုံးပြုပြီး ဖြတ်သန်းရတယ်။ အခု အဲ့ဒါကိုဖြုတ်ပြီး အစားထိုးဆောက်လုပ်မယ့် ကွန်ကရစ်တံတားကတော့ အေးအေးဆေးဆေးဖြတ်လို့ ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် မန္တလေး-မုံရွာ-အိန္တိယကို ကူးသန်းသွားလာရာမှာ အမာခံတံတားရှိမှ အဆင်ပြေမှာဖြစ်တဲ့အတွက် တည်ဆောက်ရတာပါ။ အခု ဒီလထဲမှာ အကောင်ထည်ဖော်နေပါပြီ။ လာမယ့် ဘတ်ဂျက်နှစ်မှာ အပြီးတည်ဆောက်သွားမှာပါ”လို့ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ ၂၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်သီဟက ပြောပါတယ်။
သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ရာမှာတော့ ငွေကျပ် ၅ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး လက်ရှိမှာတော့ ပြည်ထောင်စုဘတ်ဂျက် ကျပ် ၂ ဘီလီယံနဲ့ စတင်တည်ဆောက်နေတယ်လို့ သိရပါတယ်။
အခုတည်ဆောက်တဲ့ သံကူကွန်ကရစ်တံတားဟာ အရှည် ၁,၀၉၀၊ အကျယ် ၂၆ ပေ၊ ရေကြောင်းကင်းလွတ်အမြင့်ပေ ၄၀၊ တဘက်စီမှာ လူသွားလမ်း ၃ ပေစီရှိပြီး ဆောက်လုပ်ဖို့အတွက် ရစ်ဘိုးတိုင်တွေနဲ့ သံဘောင်တွေကို ဝယ်ယူထားပြီးပြီလို့ သိရပါတယ်။
ဒီတံတားပြီးသွားရင်တော့ ဥရုမြစ်အထက်ပိုင်းနဲ့ မုံရွာ- မန္တလေးဘက်က ခရီးသည်ကားတွေနဲ့ ကုန်တင်ကားတွေဟာ လွယ်ကူစွာ သွားလာနိုင်မှာဖြစ်ပြီး အိန္ဒိယနယ်စပ်ကို ကုန်စည် ကူးသန်းရောင်းဝယ်ရာမှာလည်း အဆင်ပြေစွာ လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။
သတင်း - ရန်နိုင်စိုး