Home
မြန်မာသတင်း
တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတို့၏ လုပ်ဆောင်မှုများအပေါ် မဝေဖန်လိုဟု အန်အယ်လ်ဒီပြော
DVB
·
January 25, 2021

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီတို့ရဲ့ လက်ရှိ လုပ်ဆောင်နေမှုတွေနဲ့ပတ်သက်ပြီး ဝေဖန်ချက် တစုံတရာ မပေးလိုဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီပါတီ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ  ဒုဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်က နေပြည်တော်ရှိ အန်အယ်လ်ဒီပါတီ ယာယီဌာနချုပ်မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲအတွင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားခဲ့တာပါ။

၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သတင်းစာရှင်းလင်းပွဲတွေ တောက်လျှောက်ပြုလုပ် ကန့်ကွက်နေသလို တပ်မတော်ကလည်း မဲစာရင်း စိစစ်တွေ့ရှိချက်တွေ၊ သဘောထားထုတ်ပြန်ချက်တွေ  အကြိမ်ကြိမ် ထုတ်ပြန်နေတာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ဒုဥက္ကဋ္ဌ-၂ ဒေါက်တာဇော်မြင့်မောင်က “ကျနော် ပြောချင်တာက ကျနော်တို့ ဥပဒေအတိုင်းပဲ လွှတ်တော်ခေါ်ယူဖွဲ့စည်းရေးဆောင်ရွက်နေတယ်။ ဒါက ဘာလဲဆိုရင် အခြေခံဥပဒေပေးထားချက်နဲ့ လွှတ်တော်ရဲ့ ဥပဒေ၊ ပြည်သူ့လွှတ်တော်ဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေတွေအရ ဆောင်ရွက်နေတာပါ။ ကျန်တဲ့အပိုင်းတွေကတော့ နိုင်ငံရေး အကျပ်အတည်းဆိုတာ ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ၊ ဘယ်သူတွေကဖွင့်ပေးမှာလဲ။ ကျနော်တို့ကတော့ ကျနော်တို့ကို ပေးထားတဲ့ အရသွားမှာပါ။ သူတို့နဲ့ ပတ်သက်ပြီး ဘာမှဝေဖန်စရာမရှိဘူးနော်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတချို့က ကိုယ်စားလှယ်တချို့က ဒုတိယအကြိမ်လွှတ်တော်အတွင်း အထူးအရေးပေါ်အစည်းအဝေးကို ခေါ်ယူပေးဖို့ လက်မှတ်ထိုး တောင်းဆိုခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်နာယက က လက်မခံခဲ့ပါဘူး။

ဒါ့အပြင် အန်အယ်လ်ဒီအနေနဲ့ ဒုတိယအကြိမ် လွှတ်တော်ကို အဆုံးမသတ်ဘဲ တတိယအကြိမ် လွှတ်တော်တွေရဲ့ ပထမအကြိမ်အစည်းအဝေးကို စတင်ဖို့ ပြင်ဆင်နေတာဟာ နိုင်ငံရေးအကျပ်အတည်းကို ဖြစ်ပေါ်စေနိုင်တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024