Home
မြန်မာသတင်း
Master Chef Myanmar ဟင်းချက်ပြိုင်ပွဲ ဖိုင်နယ်တွင် မြင့်သူထက်နှင့် ဆုမွန်နှင်း ယှဉ်ပြိုင်ရမည်
DVB
·
January 25, 2021

မနေ့ညက ထုတ်လွှင့်ပြသခဲ့တဲ့ Master Chef Myanmar Season 3 ဟင်းချက်ပြိုင် ပွဲမှာတော့ နောက်ဆုံးဖိုင်နယ်အဆင့်ကို ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်ကြတဲ့ မြင့်သူထက်နဲ့ ဆုမွန်နှင်းတို့က တက်ရောက်သွားခဲ့ပါတယ်။

ခုတပတ်ရဲ့ Top 3 ပြိုင်ပွဲမှာတော့ အသက်  ၃၀ အရွယ် တဦးတည်းသော အမျိုးသမီး ပြိုင်ပွဲဝင် ဆုမွန်နှင်းက International Set menu ကို အကောင်းဆုံး အစွမ်းပြချက်ပြခဲ့ကာ Winner ဆုကို ရရှိသွားခဲ့တာပါ။

ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်ကြတဲ့ မြင့်သူထက်နဲ့ မိုးသူတို့က Pressure Test အနေနဲ့ ဆက်လက်ယှဉ်ပြိုင်ရာမှာတော့ ပြိုင်ပွဲတလျှောက် အစွမ်းပြခဲ့တဲ့ ပြိုင်ပွဲဝင် တယောက် ဖြစ်တဲ့ ပြိုင်ပွဲဝင် မိုးသူက လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

ဒါကြောင့်မို့ လတ်တလောမှာတော့ ပြိုင်ပွဲဝင်တွေထဲက မြင့်သူထက်နဲ့ ဆုမွန်နှင်းတို့က နောက်တဆင့် ဆက်လက်တက်ရောက်နိုင်ခဲ့တာပါ။

ဒီပြိုင်ပွဲကို ရုပ်သံရှိုး အစီအစဉ်တခုအနေနဲ့ MRTV-4 ရုပ်သံလိုင်းကနေ Season 1 နဲ့ Season 2 တို့ကို ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ကာ တင်တင်ဦးနဲ့ အာကာတို့က Winner ဆုတွေ အသီးသီးရရှိခဲ့ကြပါတယ်။

ခုလက်ရှိ Season 3 ပြိုင်ပွဲကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ တုန်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင် ပြိုင်ဘက်တွေကြား ဟင်းချက်စွမ်းရည်အဆင့်ဆင့်နဲ့ ယှဉ်ပြိုင်ကြရတဲ့ ဒီ အစီအစဉ်မှာ Jean Marc Lemmery၊ ဦးရဲထွဋ်ဝင်း၊ ဒေါ်ဖြူဖြူတင်တို့က ဒိုင်တွေအနေနဲ့ အကဲဖြတ်အမှတ်ပေးခဲ့ကြတာဖြစ်ပြီး မှတ်ချက်တွေနဲ့အတူ ပရိသတ်တွေကြား လှုပ်လှုပ် ခတ်ခတ်ဖြစ်စေခဲ့တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။

ဒီအစီအစဉ်ကိုတော့ အပတ်စဉ် တနင်္ဂနွေနေ့ည ၆.၅၀ နာရီတိုင်းမှာ ထုတ်လွှင့် တင်ဆက်ပေးနေတာဖြစ်ပြီး နောက်တပတ်မှာ ဖိုင်နယ်အဆင့် ပြိုင်ပွဲဝင် ၂ ယောက်က ဘယ်လို အချက်အပြုတ်စွမ်းရည်တွေနဲ့ အစွမ်းပြကြမလဲ၊ ဘယ်သူက လက်ပြနှုတ်ဆက်ပြီး ဘယ်ပြိုင်ပွဲဝင်က Winner ဆုကို ရရှိသွားနိုင်မလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024