ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရသစ်ကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် နေရာအနှံ့မှာ အန်အယ်လ်ဒီပါတီအလံတွေ လွှင့်ထူခဲ့ကြတယ်လို့ သိရပါတယ်။
မအူပင်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ နေအိမ်တွေ၊ ဈေးဆိုင်တွေရဲ့ရှေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီအလံထောင်တာတွေ ဆိုက်ကား၊ ဆိုင်ကယ်နဲ့ ကား စတဲ့ ယာဉ်တွေမှာ အလံတွေတပ်ဆင်ပြီး ထောက်ခံကြိုဆိုခဲ့ကြတာပါ။
မအူပင်မြို့နယ်၊ ကျွဲဒုံးကျေးရွာမှ ဆိုင်ကယ်ကယ်ရီပို့ဆောင်သူ ကိုမြဝင်းက “ကျွဲဒုံးကျေးရွာ ဆိုင်ကယ်ယာဉ်မောင်းတွေကလည်း ဒီကနေ့ ဆိုင်ကယ်ကယ်ရီမောင်းနှင် ပို့ဆောင်မှုအတွက် ကျွဲဒုံးကျေးရွာက ခရီးသွားပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်ကို ထောက်ခံတဲ့အနေနဲ့ အခမဲ့လိုရာခရီးကို လိုက်လံပို့ဆောင်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒါပြင် မအူပင်မြို့နယ်အတွင်းက မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက လက်ဖက်ရည်ဆိုင်နဲ့ ခေါက်ဆွဲဆိုင်တွေမှာ စတုဒိသာ ကျွေးမွေးတာတွေနဲ့ ဆိုင်ကယ်ကယ်ရီနဲ့ အဌားကား Taxi တွေကလည်း အခမဲ့ ခရီးသည် ပို့ဆောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်ကို ထောက်ခံ ကြိုဆိုခဲ့ကြသူတွေကတော့ ခုလိုလုပ်တာဟာ မည်သူတစ်ဦးတယောက်ကမှ ခိုင်းစေတာမျိုး မဟုတ်ဘဲ မိမိတို့အနေနဲ့ အစိုးရသစ်အား ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပြုလုပ်တာလို့ ပြောဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြောင်းမြ၊ ဝါးခယ်မနဲ့ ပန်းတနော်မြို့တွေမှာ ဇန်နဝါရီလ ၂၃ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်ကို အလိုမရှိကြောင်း၊ မဲမသမာမှုတွေနဲ့ ဖွဲ့စည်းမယ့်အစိုးရ အလို မရှိကြောင်း ဆန္ဒပြတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သတင်း၊ မင်းထက်မုန်း(ပုသိမ်)၊ ဓာတ်ပုံ - အောင်မြသန်း(မအူပင်)