Home
မြန်မာသတင်း
မင်းကင်း ချင်းတွင်းမြစ်ကြောင်းတွင် လောင်စာဆီတင် ကုန်တင်ရေယာဉ်တိမ်းမှောက်
DVB
·
January 25, 2021

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ရှားတောကျေးရွာအနီးမှာ ဇန်နဝါရီ ၂၄ ရက်နေ့က လောင်စာဆီတင်လာတဲ့ ကုန်တင်ရေယာဉ် ၁ စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

မျိုးကျော်သူအမည်ရှိ ကုန်တင်ရေယာဉ်ဟာ မုံရွာမြို့ကနေ ချင်းတွင်းမြစ်အထက်ပိုင်းကို ဆန်တက်ရာမှာ ကျောက်ဆွယ်နဲ့ပွတ်တိုက်မိပြီး တိမ်းမှောက်ခဲ့ရတာလို့ မင်းကင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးဆန်းဗိုလ်က ပြောပါတယ်။

“ရေယာဉ်က အထက်ပိုင်းကို လောင်စာဆီသွားပို့တာဆိုတော့ လောင်စာဆီပေပါတွေ အများဆုံး တင်လာတာ။ ဖြစ်တာကတော့ ရှားတောနားမှာ ကျောက်ဆွယ်နဲ့ ပွတ်တိုက်ပြီး မှောက်သွားတာပေါ့။ လူကတော့ အထိခိုက်မရှိပါဘူး။”

တိမ်းမှောက်ခဲ့တဲ့ ကုန်ရေယာဉ်မှာ လောင်စာဆီပေပါ ၂၁၇ လုံး ပါရှိပြီး အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၃ ဦးတို့ လိုက်ပါလာတယ်လို့ သိရပါတယ်။

ရေယာဉ်တိမ်းမှောက်မှုကို မင်းကင်းမြို့နယ် အထွေထွေအုပ်၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ၊ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေအပါဝင် ရှားတောကျေးရွာ ဒေသခံတွေက ဝိုင်းဝန်းကယ်ဆယ်ခဲ့ရတယ်လို့ သိရပါတယ်။

ကုန်တင်ရေယာဉ်တိမ်း‌မှောက်မှုနဲ့ပတ်သက်ပြီး ရေယာဉ်ပိုင်ရှင်နဲ့ ရေယာဉ်မောင်းသူကို သက်ဆိုင်ရာက စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း ခန္တီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်းအတွင်းမှာ လှိုင်းပုတ်တာကြောင့် ကုန်တင်ရေယာဉ် ၁ စီး တိမ်းမှောက်နစ်မြုပ်ခဲ့ရပြီး လူ ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း - ရန်နိုင်စိုး၊ ဓာတ်ပုံ - Soe Lyinn Naing

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024