အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံ
နန်းမြနဒီ
·
September 20, 2013
ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့ဟာ ဒီကနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်မှာ ရှိတဲ့ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့နဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း စတဲ့ အဖွဲ့ ၃ဖွဲ့ နဲ့ တောင်ကြီးမြို့က တောင်ကြီးဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။
ဒီတွေ့ဆုံပွဲဟာ အလွတ်သဘောသာဖြစ်ပြီး တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ် လက်မှတ်မထိုးခင် ယုံကြည်မှုရအောင် ရည်ရွယ်တာလို့ ဒီဆွေးနွေးပွဲ တက်ရောက်တဲ့ အစိုးရငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဒေါက်တာမင်းဇော်ဦးက ပြောပါတယ်။
တိုင်းရင်းသားအဖွဲ့တွေဘက်ကလည်း တပြည်လုံးအတိုင်းအတာနဲ့ လက် မှတ် ထိုးပြီး ရင် နိုင်ငံရေးဆွေးနွေးပွဲ မဖြစ်မြောက်မှာကို စိုးရိမ်မကင်းရှိကြောင်း ပြန်လည်ဆွေးနွေးရာမှာ ၀န်ကြီး ဦးအောင်မင်းက ပြည်လုံးကျွတ် အပစ်အခတ် ရပ်တယ် ဆိုတာ အဲဒီအဆင့်ကနေ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကိုသွားဖို့ ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုလိုက် တာ ဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့တယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။
ဒါ့အပြင် အပစ်ခတ်ရပ် လက်မှတ်ရေးထိုးပြီးတဲ့နောက် တိုက်ပွဲတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာ နောက်နောင် ဆက်လက်မဖြစ်ပွားအောင် ရှောင်ရှားရေး၊ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့ တယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောတူလက်မှတ်မရေးထိုးခင် ခုလို အလွတ်သဘောတွေ့ဆုံမှုတွေ မကြာမကြာ လုပ်လေ့ရှိတာ အဖွဲ့ပေါင်း ၁၈ ဖွဲ့နဲ့ အကြိမ်ပေါင်း ၁၃၀ ကျော် ဆွေးနွေးခဲ့ပြီလို့ ဆိုပါတယ်။
အဲဒီထဲမှာ ၁၆ ဖွဲ့နဲ့ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး ကေအိုင်အို နဲ့ တီအန်အယ်လ်အေ ပလောင်တပ်တွေနဲ့တော့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ ၀န်ကြီး ဦးဝင်းမြင့် ၊ ၀န်ကြီး ဦးခင်မောင်စိုးတို့ တက်ရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့က ဦးခွန်သူရိန်၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ဗိုလ်မှူးချုပ် ပေါင်ခေး၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းက ဒုဗိုလ်မှူးကြီး စိုင်းထူး နဲ့ ကိုယ်စားလှယ် ၄ ဦးစီ တက်ရောက်ခဲ့ပါတယ်။
အပြည့်အစုံ နားဆင်ရန်