A d v e r t i s e m e n t With Us

အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့နှင့် အစိုးရသစ်လက်ထက် မြန်မာ့ပညာရေး  – မေးမြန်းချက်

ဇန်နဝါရီ ၂၄ ရက်ဟာ  ‘အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့’ပါ။ ၂၀၁၈ ဒီဇင်ဘာ ၃ ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကနေ သတ်မှတ်ခဲ့တာပါ။  မကြာခင်မှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရသစ်တရပ်ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွက် ကတိကဝတ်ဖြစ်တဲ့ ရွေးကောက်ပွဲကြေညာစာတမ်းမှာ ပညာရေးနဲ့ ပတ်သက်လို့ လူမှုဘဝမှာ လက်တွေ့အသုံးချနိုင်တဲ့ ပညာရေးဖြစ်ဖို့၊ နိုင်ငံတကာ ပညာရေးအဆင့်ရှိစေဖို့၊ အဆင့်မြင့် ပညာကျောင်းတွေမှာ သက်ဆိုင်ရာ တက္ကသိုလ်ပဋိညာဥ်နဲ့အညီ ကျောင်းသားသမဂ္ဂတွေ လွတ်လွတ် လပ်လပ်ဖွဲ့စည်းနိုင်ဖို့ ဆောင်ရွက်မယ်လို့ ဖော်ပြထားခဲ့ပါတယ်။ လတ်တလောမှာတော့ ကိုဗစ်-၁၉ ကြောင့် ကျောင်းတွေ ပိတ်ထားရပြီး အသစ်တက်လာမဲ့ အစိုးရဟာ ကပ်ရောဂါနဲ့ ပညာရေးကြား ချင့်ချိန်လွန်ဆွဲရတော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိအစိုးရရဲ့ ပညာရေးအပေါ်ဆောင်ရွက်ခဲ့တာတွေ၊ လာမဲ့ကာလ ပညာရေး ကဏ္ဍနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေကို မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်ရဲ့ သုတေသနနဲ့ မူဝါဒလုပ်ငန်းအဖွဲ့ဝင် ဒေါ်သူသူမာနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။ [caption id="attachment_436184" align="aligncenter" width="812"] မြန်မာနိုင်ငံပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်၊သုတေသနနဲ့မူဝါဒလုပ်ငန်းအဖွဲ့ဝင် ဒေါ်သူသူမာ[/caption] မေး။ ပြီးခဲ့တဲ့ အစိုးရသက်တမ်း ၅ နှစ်ထဲမှာ NNER ရဲ့ လုပ်ဆောင်ချက်တွေကို အကျဉ်းချုပ် ပြောပြပေးပါလား။ ဖြေ။ အစိုးရသစ်တက်ခါစမှာ ဆက်ဆွေးနွေးရမဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ အခြေခံကျတဲ့ အကြောင်းအရာတွေ.. ကျောင်းသားတွေရဲ့ ဒိမိုကရေစီပညာရေးလှုပ်ရှားမှုရဲ့ ကြောင့်ဖြစ်ပေါ်လာတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်ဖြစ်တဲ့ ပြင်ဆင်လိုက်တဲ့ ၂၀၁၅ အမျိုးသားပညာရေးဥပဒေနဲ့ ပက်သက်ပြီး ဆက်ဆွေးနွေးရမဲ့ အချက်တွေ၊ ပြန်လည်သုံးသပ်ရမဲ့ အရာတွေအတွက် အစိုးရသစ်နဲ့ (ပညာရေးဝန်ကြီးဌာနနဲ့ တွေ့ဆုံဆွေးနွေးဖို့ open letter ပေးပို့ခဲ့ပါတယ်) တွေ့ဆုံညှိနှိုင်း အကြံပြုတာတွေ လုပ်ဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ပညာ‌ရေးဝန်ကြီးဌာနဘက်က အကြောင်းမပြန် အသံတိတ်ခဲ့ပါတယ်။ ၂၀၁၆ မှာ တောင်ကြီးမြို့မှာ ပညာရေးဆွေးနွေးပွဲဆောင်ရွက်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ပညာရေးဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေး ရည်မှန်းချက်ကို ချမှတ် အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ခဲ့ကြတယ်။ ၂၀၁၇ မှာတော့ မော်လမြိုင်မှာပြုလုပ်တဲ့ ညီလာခံကနေ NNER ရဲ့ ဖယ်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အတည်ပြုခဲ့ပါတယ်။ ရည်မှန်းတာကတော့ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါ တိုင်းရင်းသား၊ လူမျိုးစုများရဲ့ မူလအခွင့်အရေးနဲ့ ရပိုင်ခွင့်၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ပညာရေးစနစ် ဖြစ်လာဖို့ သက်ဆိုင်သူတွေအားလုံးနဲ့ ဆွေးနွေးအကြံပြုတိုက်တွန်းမှုတွေ လုပ်ဆောင်သွားဖို့ပါပဲ။ ဒါတွေက အရေးကြီးတဲ့ မိုင်တိုင်တွေဖြစ်တယ်။  ကျန်တာတွေကတော့ ကွန်ရက်အဖွဲ့တွေရဲ့ အသီးသီးလုပ်ဆောင်နေတဲ့ ပညာရေး၊ လူမှုရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာတွေ၊ အပြန်အလှန် နည်းပညာဖလှယ်တာ၊ သုတေသနလုပ်ဆောင်တာတွေ ရှိပါတယ်။ ၂၀၁၈ မှာ‌တော့ တက္ကသိုလ်ဆရာ၊ ဆရာများအဖွဲ့နဲ့ ပူးပေါင်းပြီး တက္ကသိုလ် ပဋိညာဥ်မူကြမ်းများကို လေ့လာဆန်းစစ်တဲ့ သုတေသနတခုတော့ ဆောင်ရွက်ခဲ့ပါတယ်။ မေး။ ပညာရေးအတွက် ဘတ်ဂျက်ပိုသုံးလာတယ်လို့ အစိုးရက ပြောတယ်။ ဘတ်ဂျက်က ဘယ်လောက် အရေးကြီးလဲ။ ဖြေ။ ဟုတ်ပါတယ်။ ဘတ်ဂျက်တိုးမြှင့်သုံးလာတာ ကောင်းပါတယ်။ ပိုက်ဆံမရှိရင် လုပ်ရခက်တယ်ဆိုတဲ့ စကားလိုပေါ့။ အရေးတော့ကြီးပါတယ်။ ချုလာလောင်ကွန်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ Thitinan Pongsudhirak ရဲ့ ထိုင်းပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဦးစားပေးဖြစ်သင့်တယ်ဆိုတဲ့ ဆောင်းပါးကို (ကိုအောင်သူငြိမ်း ဘာသာပြန်ထား) ဖတ်မိတော့ စဥ်းစားမိတယ်။ ထိုင်းကျောင်းသားလူငယ်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကနေ သိလိုက်ရတာက  ထိုင်းပညာရေးမှာ ဘတ်ဂျက်တွေ သုံးတိုင်းလည်း အဆင်ပြေတာတော့ မဟုတ်ဘူး၊ ပညာရေးဝန်ကြီးဌာနက ဝန်ကြီးဌာနတွေထဲမှာ ဘတ်ဂျက် အများဆုံးရတဲ့ ဝန်ကြီးဌာနဖြစ်နေတယ်။ ဒါပေမဲ့ ကျောင်းသား လူငယ်အများစုက သဘောကျကျေနပ်နေကြတာမဟုတ်ဘူး။ သူတို့နေ့စဥ်လူမှုဘဝတွေကို ချုပ်ကိုင်ပြဌာန်းထားတဲ့ သူတို့မနှစ်မြို့တဲ့ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ စံတန်ဖိုးတွေက ပြဿနာဖြစ်နေတယ်။ သူတို့က ပြောင်းလဲနေတဲ့ ကမ္ဘာကြီးနဲ့အတူ လိုက်ပါပြောင်းလဲလိုကြတယ်။ သူတို့ကို အသားကျအောင် လေ့ကျင့်ပေးနေတဲ့ ဆရာမွေး၊ တပည့်မွေးစနစ်နဲ့ အထက်မှ ‌အောက်စီးဆင်းတဲ့ ယဥ်ကျေးမှု..ဒါတွေကို သူတို့မလိုချင်ဘူး၊ တော်လှန်လာကြတာဘဲ။ (ဒါတောင် ကျမတို့ဆီက ပညာ‌ရေးနဲ့ ထိုင်းပညာရေး ယှဥ်ကြည့်ရင် အတော်ကောင်းနေတာလို့ ယူဆထားတာ)။ ခေတ်မမီတော့တဲ့ Thainess ဆိုတဲ့ ထိုင်းပီသခြင်းလို့ စံပြုပုံသွင်းထားတဲ့ နိုင်ငံရေး၊ ဘာသာရေး၊ ဘုရင်စနစ်တွေရဲ့  လွှမ်းမိုးမှုကနေ လွတ်မြောက်ချင်လာကြတာပါပဲ။ တန်းတူအခွင့်အရေးမရှိတာ၊ ခွဲခြားကန့်သတ်ဆက်ဆံခံရတာတွေ အဲတာတွေက သူတို့လိုချင်တဲ့ ပညာရေးမဟုတ်သလို၊ သူတို့ လိုချင်တဲ့ ထိုင်းလူ့အဖွဲ့အစည်းမဟုတ်ဘူးလို့ ထိုင်းမျိုးဆက်သစ်တွေက ပြောဆိုတော်လှန်လာတာပဲ။ သူတို့မျိုးဆက်သစ်တွေကြား ပြောလေ့ရှိတဲ့ “ပထမဦးဆုံး အာဏာရှင် ကျောင်းက စတယ်” ဆိုတာပဲ။ ကျမတို့ ဗမာ့ လူ့အဖွဲ့အစည်းနဲ့ ဒီအချက်တွေမှာ ကွဲပြားနေတာ မရှိဘူးလို့ ယူဆတယ်။ သူတို့ထက် ပိုဆိုးတဲ့ အခြေအနေတွေ ထပ်ရှိနေတာပါပဲ။  မတူကွဲပြားတဲ့  တိုင်းရင်းသားမျိုးနွယ်စုတွေ၊ ဘာသာစကားတွေ၊ ယဥ်ကျေးမှုတွေ၊ ကိုးကွယ်ယုံကြည်မှုတွေရှိနေတဲ့ တိုင်းပြည်မှာ လူ့အဖွဲ့အစည်းမှာ  လူမျိုးတစု၊ အုပ်စုတခုရဲ့  ယဥ်ကျေးမှုတွေ၊ နိုင်ငံရေး၊ လူမှုရေးအပါအဝင် ကဏ္ဍစုံ အလွှာစုံကို ဆယ်စုနှစ်ပေါင်းများစွာ ချုပ်ကိုင်လွှမ်းမိုးသွတ်သွင်းခဲ့တဲ့ အယူအဆ၊ အလေ့အကျင့်တွေကို အတော်ကို  အသားကျနေတာမျိုး၊ ယဥ်ပါးနေတာ၊ မနှစ်မြို့ပေမဲ့ အကြောက်တရားနဲ့ အုပ်ချုပ်လွှမ်းမိုးထားတဲ့အတွက် အောင့်အီးသည်းခံခဲ့ကြတာ၊ မုန်းတီးနေခဲ့ကြတာ။ ဒါတွေကိုတော့ ဘတ်ဂျက်တိုးလာပေမဲ့ ဒီအတိုင်းမဖြေရှင်းဘဲထားရင်တော့ ဆက်လက်ဝေဖန်ဆန့်ကျင်တော်လှန်မှုတွေကို ကြုံလာနိုင်ပါတယ်။ မေး။ လာမယ့် ၅ နှစ် အစိုးရ သက်တမ်းအတွက် ပညာရေးမှာ အဓိက ဘာတွေ ပြောင်းလဲဖို့ လိုအပ်မလဲ။ ဖြေ။ ပညာရေးကဏ္ဍတချိူ့မှာတော့ ပြုပြင်ပြောင်းလဲရေး လုပ်တာတွေ တွေ့ပါတယ်။ သင်ရိုးသစ် ပြင်တာတွေ (အတန်းတချို့ကိုနှစ်အလိုက်အသစ်ပြင်ဆင်တာမျိုးတွေ၊) သင်ရိုးသစ်ပြင်တာကြိုဆိုရမဲ့ အရာပါ။ သို့သော် အင်မတန်သတိထားရမဲ့ အကြောင်းအရာတွေရှိပါတယ်။ တိုင်းရင်းသား၊ မျိုးနွယ်စုတွေ ကွဲပြားစုံလင်တဲ့ ဒီနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေထိုင်နိုင်ဖို့ဆိုရင် ပဋိပက္ခနဲ့ အမုန်းတရားကို ဖြစ်စေတဲ့ အယူအဆတွေ သွတ်သွင်းပြဌာန်းတာတွေ ရှိမနေရပါဘူး။ ဒါကြောင့် ပညာရေးဖွံ့ဖြိုးမှုလို့ ပြောရင် ကလေးလူငယ်တဦး စာတတ်သွားဖို့ လုပ်သင့်တာတွေတော့ လုပ်နေတာပဲလို့ ပြောနေရုံနဲ့တော့ မပြည့်စုံပါဘူး။ ဒီနိုင်ငံအတွက် အမှန်တကယ်အကျိုးရှိတဲ့ ပညာရေးဆိုင်ရာအယူအဆနဲ့ ရေရှည်မျှော်မြင်မှုတွေ စတင်ဆောင်ရွက်ဖို့ လိုပါတယ်။ လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကနေ ဖက်ဒရယ် ပြည်ထောင်စုကို ရည်မှန်းသလို သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ ပညာ‌ရေးဆွေးနွေးပွဲတွေကနေလည်း ခုနကပြောတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ပညာ‌ရေး၊ ငြိမ်းချမ်းရေးအတွက် ပညာရေး၊ တန်းတူခွင့်နဲ့ လွတ်လပ်ခွင့်ရှိတဲ့ ပညာရေး စတာတွေကို အုံးအုံးကြွက်ကြွက် ပြောဆိုဆွေးနွေးကြပြီး လက်တွေ့ အကောင်အထည်ဖော်နေဖို့ လိုပါတယ်။ အစိုးရအနေနဲ့ အဲဒါတွေနဲ့ ပက်သက်လာရင် နိုင်ငံရေးစိတ်ဆန္ဒ (pollical will) လေးလေးနက်နက်ရှိနေဖို့လိုပါတယ်။ ၅ နှစ်တခါ ပညာရေးစီမံကိန်းတွေရေးဆွဲပြီး ဆောင်ရွက်နေတာပါလို့ ပြောရုံနဲ့မရပါဘူး။ အကိုင်းအဖျားပြဿနာတွေကို ဖာထေးနေရုံနဲ့တော့ ခုနက ကျမပြောတဲ့ ကျမတို့ တိုင်းပြည်ရဲ့ အရင်းအမြစ်ပြသနာတွေက ပြေလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အခြေခံကျတဲ့ အရင်းအမြစ်ပြသနာတွေကို နက်နက်ရှိုင်းရှိုင်းသိမြင်ခံစား နားလည်လက်ခံဆောင်ရွက်မှ ဒီကနေ့ ပြောပြောနေတဲ့  ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းကို ဦးတည်နိုင်မှာပါ။ မေး။ တိုင်းရင်းသား ဘာသာစကားသင်ကြားတဲ့ အပိုင်းမှာရော ဘာတွေကို ဘယ်လောက်ထိ လုပ်ပေးဖို့ လိုနေလဲ။ ဖြေ။ မိခင်ဘာသားစကားအခြေပြု ဘာသာစကားစုံပညာရေး (Mother Tongue Based Multilingual Education – MTB MLE) ကို NNER က စတင်ကတည်းက တောက်လျောက်ပြောဆို အကြံပြု တိုက်တွန်းခဲ့ပါတယ်။ တိုးတက်မှုကတော့ အရင်ကာလတွေက ထည့်သွင်းစဥ်းစားတာမျိုး လုံးဝ မရှိခဲ့ရာက ခုဆို ဒီကိစ္စကို စဥ်းစားလုပ်ဆောင်တာတွေ ရှိလာပါတယ်။ ဒါဟာ ဘာသာစကားဆိုင်ရာ အခွင့်အရေးဖြစ်သလိုပဲ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်ရှိတဲ့ ပညာရေးရဲ့ အနှစ်သာရ အဓိကကျတဲ့ အချက်တချက်လည်းဖြစ်တယ်။ ဘာသာစကားဆိုင်ရာအခွင့်အရေးနဲ့ မူဝါဒတွေက တိကျရှင်းလင်းခိုင်မာမျှတနေဖို့ ဆောင်ရွက်ပေးရ မှာပါ။ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပညာရေးကနေ ကိုယ့်ဒေသနဲ့ကိုက်ညီတဲ့ သင်ရိုးပြုစုတာ၊ ဘာသာစကား ရွေးချယ်တာ၊  ကျောင်းတွေထူထောင်တာ အဲဒါတွေကို ဆောင်ရွက်နိုင်ဖို့ စတင်နိုင်တဲ့ အခင်းအကျင်း၊ ထောက်ပံ့မှုနဲ့ မူဝါဒတွေ ကူညီပေးဖို့လိုပါတယ်။ ဒါဆို ခုပြောနေတဲ့ အမျိုးသားညီညွတ်ရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးတို့ကိုလည်း ဖြစ်စေသလို၊ ယုံကြည်မှုကိုလည်း တည်ဆောက်နိုင်တာပဲလေ။ မေး။ ပညာရေးကဏ္ဍမှာ ကျောင်းသားသမဂ္ဂတွေက လိုအပ်လား။ လိုအပ်ရင် ဘယ်လောက်ထိ အရေးပါလဲ။ ဖြေ။ လိုအပ်တာပေါ့။ သူတို့ လိုချင်တဲ့ စနစ်ကို သူတို့ အသိဆုံးနဲ့ ပြသာနာတွေ၊ စိန်ခေါ်မှုတွေကို အရင်ဆိုင်ရဆုံးဖြစ်တဲ့ ကျောင်းသားတွေဖြစ်နေလို့ လိုကို လိုအပ်သလို၊ ဒီတိုင်းပြည်ရဲ့ အပြောင်းအလဲ ကြီးတွေမှာ သူတို့စတင်ခဲ့တဲ့ သမိုင်းမှတ်တိုင်တွေအရလည်း အရေးပါပါတယ်။ ကျောင်းသားသမဂ္ဂတွေရဲ့ ဦးဆောင်မှုနဲ့ ပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုက လက်ရှိပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးမှာ အတော်အရေးပါခဲ့ပါတယ်။ ‌အငြင်းပွားမှုတွေအများကြီး ရှိနေသေးပေမဲ့ လှုပ်ရှားမှုကြောင့် ၂၀၁၄ အမျိုးသားပညာရေးဥပဒေကို အနည်းငယ်ပြင်ဆင်ထားတဲ့ ၂၀၁၅ အမျိုးသားပညာရေးဥပ‌ဒေတော့ ဖြစ်လာခဲ့ပါတယ်။ အဓိက အရင်းအမြစ်ပြသနာတွေကို ဖြေရှင်းနိုင်မဲ့ မူဝါဒ၊ ဥပဒေ ဖြစ်လာဖို့ ဆက်အားထုတ်ရဦးမှာပါ။ ကျောင်းသားသမဂ္ဂတွေ ရပ်တည်ရေးကို အမျိုးသားပညာရေးဥပဒေမှာ တက္ကသိုလ်ပဋိညာဥ်နှင့်အညီ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းပိုင်းခွင့်ရှိတယ်လို့ ပါပါတယ်။ သို့သော်.. အဲဒီ တက္ကသိုလ်ပဋိညာဥ် ရေးဆွဲရေးတွေကလည်း ခုထိ လုပ်နေဆဲဖြစ်သလို၊  စံတန်ဖိုး၊ အခြေခံမူတွေကလည်း ခုထိ အငြင်းခုံဆွေးနွေးနေကြဆဲ ဆိုတော့ ဥပဒေအရတော့ မရေရာမသေချာပေမဲ့၊ ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂတွေကတော့ .. ဥပဒေအရ တရားဝင်ဝင်၊ မဝင်ဝင်၊ သူတို့ လုပ်ဆောင်ရမဲ့  ကိစ္စတွေကိုတော့ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ မေး။ လက်ရှိ အနေအထားမှာရော ကျောင်းသား သမဂ္ဂတွေ ရပ်တည်ရေးအပေါ် အစိုးရရဲ့ အမြင်နဲ့ လုပ်ဆောင်မှုတွေက ဘယ်လိုရှိနေလဲ။ ဖြေ။ ကျောင်းသားသမဂ္ဂတွေ.. အထူးသဖြင့် ခေတ်စနစ်ကို အားမနာတမ်း၊ ရဲရဲရင့်ရင့် ဝေဖန်ထောက်ပြဆန့်ကျင်တဲ့ ကျောင်းသားသမဂ္ဂတွေကို ဆက်ဆံတာ၊ ကန့်သတ်ဖိနှိပ်တာတွေကတော့ အစိုးရအဆက်ဆက် ကျင့်သုံးပုံက ထူးပြီး ပြောင်းမသွားဘူးလို့ ပြောချင်ပါတယ်။ ဒီနိုင်ငံရဲ့ မျှော်လင့်ချက်အသစ်ကို ပုံဖော်တဲ့နေရာမှာ ဒီကျောင်းသားတွေဟာ အရေးကြီးတဲ့ အင်အားစုဖြစ်တယ်၊ သူတို့ရဲ့ အတွေးအမြင်၊ စိတ်ကူးစိတ်သန်းနဲ့ မျှော်မှန်းချက်တွေက ဒီနိုင်ငံရဲ့ အနာဂတ်အတွက် အရေးပါတယ်ဆိုတာမျိုး ဖြစ်နေသင့်ပါတယ်။ အစိုးရဆန့်ကျင်ရေး အင်အားစုအနေနဲ့ စဥ်းစားရင်တော့အဆင်မပြေလှဘူး၊ ခုနက ပြောသလိုပဲ ကျောင်းသားသမဂ္ဂသမိုင်းစဥ် တလျှောက်လုံး ဘယ်သူအသိ အမှတ်ပြုပြု၊ မပြုပြု သူတို့ ရပ်တည်ချက်အတိုင်း ဆောင်ရွက်ကြတာဆိုတော့ ဘယ်အစိုးရကတော့ ကျောင်းသားသမဂ္ဂတွေကို ဘယ်လိုဆက်ဆံ လုပ်ဆောင်တယ် ဆိုတာလည်း သမိုင်းမှတ်တိုင် ဖြစ်လာမှာပါပဲ။ မေး။ လက်ရှိဖြစ်နေတဲ့ ကိုဗစ်ကြောင့် စာသင်နှစ် ၁ နှစ် နောက်ကျခဲ့တယ်။ ကျောင်းတွေ ပြန်ဖွင့်ရင် ဒါကို ပြန်ကုစားဖို့ လိုမလား။ ပုံမှန်အတိုင်းပဲ သွားသင့်လား။ ဖြေ။ စာသင်နှစ် တနှစ်နောက်ကျတာထက်၊ ကလေးတွေရဲ့ စာသင်ယူမှုကို နောက်မကျအောင် ပြန်ကုစားလို့ရတဲ့ အစီအမံတွေ ရှိသင့် လုပ်သင့်ပါတယ်။ နည်းလမ်းတွေ ရှာပြီးလုပ်သင့်ပါတယ ပြန်ကုစားလို့ရမဲ့ အစီအမံတွေ လုပ်ပေးရင်တေ့ာ မိဘ၊ ကလေး၊ ဆရာရော နိုင်ငံတော်ဘတ်ဂျက်ရော သက်သာမယ်လို့ စဥ်းစားမိတယ်။ နောက်ကျခဲ့တဲ့ သင်ခန်းစာတွေကို အရေးကြီးတဲ့သင်ခန်းစာလောက်ကိုပဲ ဦးစားပေးသင်ပြီး သင်ရိုးလျော့တာ၊ မလိုအပ်တဲ့ စာမေးပွဲတွေ လျော့ချတာမျိုး၊ လိုအပ်သလောက် အမြန်ဆောင်ရွက်ပြီး၊ အမြန် အတန်းတင် (တက်) စေတာမျိုး၊  ခုလို ကိုဗစ်ကာလအတွင်းမှာလည်း ရောဂါပြန့်ပွားမှု ထူးပြီးမရှိတဲ့ ဒေသတွေမှာ ပုံမှန်ကျောင်းတွေ ပြန်ဖွင့်ပေးတာမျိုး လုပ်ပေးသင့်တာပါပဲ။ ဖွင့်မရတဲ့ ဒေသက ကလေးတွေအတွက် သင်ယူလေ့လာလို့ရတဲ့ အခြားနည်းလမ်းတွေနဲ့ ကူညီ‌ပေးတာမျိုး.. ဒါမျိုးဆို ကောင်းမယ်လို့ ကိုယ့်ဟာကိုယ့်တွေးမိတာပါ။ နားလည်ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေ အများကြီးလိုပါတယ်။ မေး။  ။ကျေးဇူး အများကြီးတင်ပါတယ်။    

A d v e r t i s e m e n t With Us

More News
Up