A d v e r t i s e m e n t With Us

လျှပ်စစ်ဖြန့်ဖြူးပေးနိုင်မှု ရည်မှန်းချက်ထက် ကျော်လွန်နေပြီဟု ဝန်ကြီးပြော

photo-mdn.gov
မြန်မာနိုင်ငံမှာ လက်ရှိအချိန် လျှပ်စစ်ဖြန့်ဖြူးပေးနိုင်တာဟာ ရည်မှန်းချက်ထက် ကျော်လွန်နေပြီလို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်၊ လျှပ်စစ်ကဏ္ဍအတွက် ပထမ ၃ လပတ်မှာ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေအပေါ် ပြန်သုံးသပ်တဲ့၊ ဒုတိယ၊ တတိယ ၃ လပတ်တို့မှာ ဆက်လုပ်မယ့် အစီအမံတွေနဲ့ပတ်သက်တဲ့ ဇန်နဝါရီ ၂၂ ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောတာပါ။ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဝန်ကြီးဌာနရဲ့ အဓိက ရည်မှန်းချက်တာဝန်ဟာ ၂၀၂၀-၂၁ ခုနှစ်မှာ တနိုင်ငံလုံးရဲ့ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅ ခုနှစ်မှာ ၇၅ ရာခိုင်နှုန်းနဲ့ ၂၀၃၀ ပြည့်နှစ်မှာ ရာခိုင်နှုန်းပြည့် နိုင်ငံတော်ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးရေးဖြစ်တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ တနိုင်ငံလုံးရဲ့ ၅၈ ရာခိုင်နှုန်းလောက်ကို ဓာတ်အားစနစ်ကနေ ဖြန့်ဖြူးပေးနေနိုင်တာကြောင့် ရည်မှန်းချက် ပြည့်မီရုံမက ကျော်လွန်နေပြီလို့ ဆိုပါတယ်။ အရင်တုန်းက လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာမှာ ရေအားလျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့ကိုပဲ အခြေခံ ထုတ်လုပ်ခဲ့ပေမယ့် အခုအခါမှာတော့ သဘာဝဓာတ်ငွေ့ရည်ကနေ ထုတ်လုပ်လာနိုင်ပြီလို့ ဆိုပါတယ်။ ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် တနေ့မှာ ရွာပေါင်း ၁၀ ရွာကနေ ၁၅ ရွာလောက်အထိ လျှပ်စစ်ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးဖို့၊ တနှစ်မှာ မီတာလုံးရေ ၄ သိန်းကနေ ၅ သိန်းအထိ တိုးချဲ့တပ်ဆင်ပေးဖို့ လိုတယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up