အန်ဖီးလ်ကွင်းပွဲနဲ့ မတူတဲ့ရလဒ် ထွက်ပေါ်ဖို့ရှိနေတဲ့ ယူနိုက်တက် – လီဗာပူး ပွဲကြိုသုံးသပ်ချက်

1.5K
ပရီးမီးယားလိဂ် ဂိုးမရှိတွေ့ဆုံမှုအပြီး တစ်ပတ်အကြာမှာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူး တို့ဟာ အက်ဖ်အေဖလား စတုတ္တအဆင့်အဖြစ် ဒီနေ့ ထပ်မံယှဉ်ပြိုင်ဖို့ရှိနေပါတယ်။
ဒီတစ်ကြိမ် အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ယူနိုက်တက်အသင်း ခြေစွမ်းတက်နေချိန်မှာ လီဗာပူးအသင်းကတော့ စံချိန်တင်ဂိုးပေါက်ပျောက်ဆုံးမှုနဲ့အတူ ရုန်းကန်နေရပါတယ်။
လိဂ်ဖလားပွဲဖြစ်နေပေမယ့် ဒီ ၂ သင်းကြားမှာရှိတဲ့ ပြိုင်ဆိုင်မှုအခြေအနေကြောင့် ၂ ဖက်လုံးက အကောင်းဆုံးလူစာရင်းနဲ့ ခြေကုန်ထုတ်ကစားသွားကြမှာပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းမှာ ဗစ်တာလင်ဒီလော့ဖ်ပြန်ပါလာနိုင်မှာဖြစ်ပြီး ဆိုးလ်ရှားအနေနဲ့ ဒီပွဲမှာ အဓိက ကစားသမား ဘယ်နှယောက်လောက်ကို အနားပေးသွားမလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။
ဂိုးသမားနေရာမှာတော့ လိဂ်ပွဲတွေကို တာဝန်ယူရတဲ့ ဟန်ဒါဆန်ဖြစ်လာဖို့ ရှိနေပြီး ညာအစွန်မှာ ဝမ်ဘစ်ဆာခါကိုပဲ ဆက်ကစားစေမယ်လို့ယူဆရပါတယ်။
ဘယ်နောက်ခံလူနေရာမှာ လုရှောအစား တဲလက်စ်ဖြစ်လာဖို့များပြီး အတွင်းလူ ၂ နေရာကို လင်ဒီလော့ဖ်နဲ့ အသင်းခေါင်းဆောင်မက်ဂွိုင်းယား ကစားပါမယ်။
ကွင်းလယ်မှာ တွမ်မီနေး၊ ဖရက်၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ ပါလာနိုင်တာကြောင့် ဘန်ဒီဘိခ်အနေနဲ့ နေရာပျောက်ဖို့ရှိနေပါတယ်။ ဗန်ဒီဘိခ်ကို ဒီပွဲမှာအသုံးပြုသွားမယ်လို့ ဆိုးလ်ရှား က ပြောထားတာကြောင့် ကွင်းလယ်မှာ အပြောင်းအလဲတစ်ချို့ မြင်တွေ့ရ မလား စောင့်ကြည့်ရပါမယ်။ တိုက်စစ်ကို ကာဗာနီနဲ့ ရက်ဖို့ဒ်တို့ ဦးဆောင်လာနိုင်တာကြောင့် ၄-၂-၃-၁ ကစားကွက်နဲ့ ကစားမယ်လို့ သတ်မှတ်ရပါမယ်။
လီဗာပူးအသင်းဘက်မှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ပြန်ပါလာဖို့ ရှိနေပါတယ်။ ကြားရက်မှာ စပါး နဲ့ ကစားရဖို့ရှိနေတာကြောင့် ကလော့ပ်အနေနဲ့ အဓိကကစားသမားတစ်ချို့ကို အနားပေးရဖို့ ရှိနေပါတယ်။
ဒါပေမယ့် ကလော့ပ်အနေနဲ့ တနင်္ဂနွေပွဲမှာသုံးခဲ့တဲ့ လူစာရင်းကိုတော့ အများကြီးအပြောင်းအလဲလုပ်သွားဖို့ မရှိပါဘူး။ ဒါ့ကြောင့် ဂိုးသမားနေရာမှာ အလီဆန်ကိုပဲ ထပ်မြင်ရဖို့ရှိနေပြီး မာတစ်နဲ့ ဖာဘင်ဟိုတို့က နောက်တန်းမှာတာဝန်ယူပါလိမ့်မယ်။
ဆီမီကတ်စ်ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်ပေမယ့် ဘယ်နောက်ခံလူနေရာ ကို ရော်ဘတ်ဆန်ပဲ ကစားသွားဖို့ရှိနေပြီး ညာနောက်ခံလူနေရာမှာတော့ အာနိုးလ်အစား နီကိုးဝီလီယမ်ကို မြင်ရဖို့ရှိနေပါတယ်။
စပါးနဲ့ပွဲအတွက် ဟန်ဒါဆန်ကို အနားပေးဖို့ရှိနေတာကြောင့် ကွင်းလယ်မှာတော့ မီလ်နာ၊ ဝစ်ဂျ်နယ်ဒမ်တို့ကို ကာတစ်ဂျုံးနဲ့ တွဲဖက်ပေးသွားမယ်လို့ ယူဆရပါတယ်။
ဘန်လေနဲ့ပွဲမှာ ဆာလက်နဲ့ ဖာမီနိုတို့ကို အနားပေးထားတာကြောင့် ဒီပွဲမှာ သူတို့ကို ပွဲထုတ်သွားဖို့ရှိနေပြီး မာနေးနဲ့အတူ ၃ ယောက်တွဲ တိုက်စစ်ကိုမြင်တွေ့ရဖို့ရှိနေပါတယ်။ လီဗာပူးအသင်းက ၄-၃-၃ နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့ပွဲမတိုင်ခင် ရလဒ်တွေဆိုးရွားနေပြီး ခြေစွမ်းလည်း ကျဆင်းနေပါတယ်။ ဒီအခြေအနေက ဒီပွဲအပေါ်မှာ အနည်းနဲ့အများ သက်ရောက်မှုရှိလာမှာဖြစ်ပြီး ယူနိုက်တက်အသင်းကတော့ လီဗာပူးနဲ့ ဆန့်ကျင်ဘက်အခြေအနေမှာရှိကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုလည်း ဦးဆောင်ထားနိုင်ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီအိမ်ကွင်းမှာ ရုန်းကန်ရလေ့ရှိတယ်ဆိုပေမယ့် ဒါဟာ ရာသီအစတုန်းကသာဖြစ်ပြီး အခုချိန်မှာတော့ အိမ်ကွင်း၊အဝေးကွင်းမရွေး အနိုင်ရအောင် ကစားလာနိုင်တာကို မြင်တွေ့နေရပြီဖြစ်ပါတယ်။
ဒါ့ကြောင့် အခြေအနေတွေကိုအားလုံး ချုံကြည့်မယ်ဆိုရင် ယူနိုက်တက်အသင်းကပဲ အိမ်ကွင်းမှာ ကျဥ်းမြောင်းတဲ့ရလာဒ်နဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ယူဆရပါတယ်။ ခန့်မှန်းရလဒ်ကတော့ ယူနိုက်တက် ၁ - ၀ လီဗာပူး ဖြစ်ပါတယ်။