Home
မြန်မာသတင်း
ကျား၊ မ အခွင့်အရေး ကွာဟမှု လျော့နည်းစေရန် ဆောင်ရွက်သွားမည်
DVB
·
September 20, 2013
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ သေဆုံးမှုနှုန်းထားက အမျိုးသားသေဆုံးမှုနှုန်းထက် မြင့်မားနေတဲ့အချက်ကတော့ အဆိုးရွားဆုံးကွာဟချက်တခု ဖြစ်တယ်လို့ ကမ္ဘာ့ဖွံ့ဖြိုးရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အမျိုးသမီးနဲ့ မိန်းကလေးတွေအတွက် ကောင်းမွန်တဲ့ အခွင့်အရေးနဲ့ အခြေအနေတွေကို ဖန်တီးပေးနိုင်ဖို့  ကျား၊ မ တန်းတူညီမျှတဲ့အခွင့်အရေးတွေရှိဖို့ လိုအပ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ပါတယ်။ ဒီအတွက်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းပြီး အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှမှုနဲ့ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဖွံ့ဖြိုးရေးအစီရင်ခံစာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတရပ်ကို ရန်ကုန်နဲ့ နေပြည်တော်မြို့တွေမှာ မကြာသေးခင်ကဘဲ ပြုလုပ်ခဲ့ပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်က “ယခုထုတ်ဝေလိုက်တဲ့ အစီရင်ခံစာတွေမှာ ကမ္ဘာတ၀ှမ်းလုံးနဲ့ ဒေသတွင်းမှာရှိတဲ့ ကျားနဲ့ မကွဲပြားမှုဆိုင်ရာကိစ္စရပ်တွေကို ရှာဖွေဖော်ထုတ်ထားတာဖြစ်လို့ မူဝါဒရေးဆွဲတဲ့နေရာမှာ အထောက်အကူပြုနိုင်တဲ့ အကြုံပေးချက်တွေ ပါပါတယ်။ ပြီးတော့ ဒီအစီရင်ခံစာတွေမှာ ဖော်ပြထားတဲ့ အကြံပေးချက်အတိုင်း မြန်မာနိုင်ငံရဲ့မူဝါဒနဲ့ လမ်းညွန်ချက်တွေကို ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်တယ်” လို့ ပြောဆိုကြောင်း ကမ္ဘာ့ဘဏ်ရဲ့သတင်းထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အလားတူ ကမ္ဘာ့ဘဏ် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနဲ့ စီးပွားရေးစီမံခန့်ခွဲမှုဌာန ညွန်ကြားရေးမှူးတဦးလည်း ဖြစ်ပြီး ဒီအစီရင်ခံစာတွေကို တွဲဖက်ရေးသားတဲ့သူ မစ္စတာဆက့်ဟီးရ်ရှတ်တီ(Mr.SudhirShetty) က “အခု မိက်ဆက်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့အစီရင်ခံစာတွေက ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာအမျိုးသားနဲ့ အမျိုးသမီး တန်းတူညီမျှမှု ဆိုတာ အင်မတန်အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်နေတဲ့အပြင် ကျား၊ မတန်းတူညီမျှမှုကို ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ တိုးလာနိုင်သလို အနာဂတ်မျိုးဆက် အတွက်လည်း အခွင့်အလမ်းတွေ ပိုကောင်းလာမှာဖြစ်လို့ ကောင်းမွန်တဲ့မူဝါဒတွေကို ချမှတ် ဆောင်ရွက်နိုင်မှာဖြစ်တယ်” လို့ ဆိုပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဆိုင်ရာကမ္ဘာ့ဘဏ်ဌာနေကိုယ်စားလှယ် မစ္စတာခန်သန်ရှန်ကာက “အခုအချိန်က မြန်မာနိုင်ငံအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးက လူတွေအကျိုးခံစားနိုင်ရေးအတွက် အာမခံချက်ရှိတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ဆောင်ရမယ့်အရေးကြီးတဲ့အချိန်လည်း ဖြစ်ပါတယ်။ ပြီးတော့ ကမ္ဘာ့ဘဏ်အနေနဲ့ ကျား၊ မတန်းတူညီမျှမှုရှိစေရေး မြှင့်တင်ဆောင်ရွက်သွားဖို့ မြန်မာအစိုးရနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားဖို့လည်း ကတိက၀တ်ပြုထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျား၊ မ တန်းတူညီမျှမှုအပေါ်မှာ အခြေခံတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေက မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ အမျိုးသားနဲ့ အမျိုးသမီးတိုင်းအတွက် အောင်မြင်မှုရှိစေဖို့ ဆောင်ရွက်သွားရမှာ ဖြစ်တယ်"လို့ ပြောပါတယ်။ မြန်မာအစိုးရကလည်း ကျားနဲ့ မအခွင့်အရေးဆိုင်ရာ တန်းတူညီမျှရေးအပါအ၀င် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းတွေကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းတို့နဲ့ပါ ပူးပေါင်းဆောင်ရွက်နေတာဖြစ်လို့ ဒါဟာချီးကျုးဖွယ်ရာပင် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကျား၊ မ အခွင့်အရေးကွာဟမှုကို နည်းပါးစေဖို့ ရည်ရွယ်ပြီး ၀င်ငွေတိုးတက်ရရှိအောင် ဆောင်ရွက်ပေးတဲ့ နည်းလမ်းတခုတည်းနဲ့တော့ ဒါကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ မူဝါဒပိုင်းဆိုင်ရာ ချမှတ်ဆောင်ရွက်သူတွေကို အစီရင်ခံစာက ထောက်ပြ ထားပါတယ်။ ဒါကြောင့် ကျား၊ မတန်းတူညီမျှရေးအတွက် ဆောင်ရွက်တဲ့နေရာမှာလည်း အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ရန် ဦးစားပေးကဏ္ဍတခုချင်းစီကို နိုင်ငံအလိုက်မူဝါဒတွေ ချမှတ် ဆောင်ရွက်သွားနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းတွေက အားပေးကူညီဖို့ လိုတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024