Homeမြန်မာသတင်းမန်းရွှေစက်တော်ကန်တော်ကြီးကန်ကို တောရိုင်းတိရစ္ဆာန်များ သောက်သုံးနိုင်ရန် ရေဖြည့်ပေးမည်
မန်းရွှေစက်တော်ကန်တော်ကြီးကန်ကို တောရိုင်းတိရစ္ဆာန်များ သောက်သုံးနိုင်ရန် ရေဖြည့်ပေးမည်
မန်းရွှေစက်တော် ဘေးမဲ့တောက တောရိုင်းတိရစ္ဆာန်တွေ သောက်သုံးတဲ့ ကန်တော်ကြီးကန်ကို နွေရာသီ ရေရှားပါးမှု မရှိစေဖို့ တိုင်းအစိုးရရဲ့ ခွင့်ပြုရန်ပုံငွေ ၁၅၇ သိန်း အသုံးပြုကာ စက်ရေတွင်းတူးပြီး ဆိုလာစနစ်နဲ့ ရေဖြည့်ပေးမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးအောင်က ပြောပါတယ်။
ရွှေစက်တော်ဘေးမဲ့တောမှာ ရွှေသမင်တွေ ရှိတာကြောင့် အသံမထွက်အောင် အင်ဂျင်အသုံးမပြုဘဲ ဆိုလာစနစ်အသုံးပြုမှာဖြစ်ပြီး အဲဒီဆိုလာရေတင်ပန့်ကို ဆော့ဝဲအသုံးပြုပြီး မကွေးမြို့ကနေ အဖွင့်အပိတ် လုပ်လို့ရတယ်လို့ ဆိုပါတယ်။
ပွင့်ဖြူမြို့နယ် ကပစတပ် အနီးမှာရှိတဲ့ ရွှေသမင်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ သောက်သုံးတဲ့ ရေကန် ၃ ကန်ကိုလည်း တစ်ပတ်တစ်ခါ သွားရောက်ကြည့်ရှုပြီး ရေဘောက်ဆာ ၄ စီးနဲ့ ရေဖြည့်ပေးဖို့ စီစဥ်ထားတယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောပါတယ်။
အဲဒီကန်တော်ကြီးကန်ဟာ ဆည်မြောင်းဦးစီးဌာနက ပြုလုပ်ပေးထားတဲ့ တမံအသေးစားလေး ဖြစ်ပြီး ကွင်းဆင်းတိုင်းတာချက်တွေအရ အနက်ပေ ၃၀၀ လောက်မှာ မြေအောက်ရေရရှိပြီး တစ်နာရီကို ရေဂါလန် ၁၅၀၀ လောက် ထွက်ရှိမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ သိရပါတယ်။
မင်းထီး