အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပွဲလာရောက်သူ အချို့ကို ရဲတပ်ဖွဲ့စစ်ဆေးနေ
နေဖြိုးဝင်း
·
January 23, 2021
မျိုးချစ်တပ်မတော်က တိုင်းပြည်ကို ကယ်တင်ပေးဖို့ လူထုတွေ့ဆုံပွဲနဲ့ အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူ ပွဲလာရောက်သူ အချို့ကို ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ အဓိကတာဝန်ရှိတဲ့ မျိုးချစ်တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့အညီ တိုင်ပြည်ကို ကယ်တင်ပေးဖို့ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးက တာဝန်ပေးအပ်မယ့် တိုင်းပြုပြည်ပြု လူထုတွေ့ဆုံဆွေးနွေးပွဲနဲ့ တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူပွဲကို နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် သပြေပင်ရွာထိပ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဒီပွဲကို လာရောက်တဲ့ အမျိုးသားရေးသမားဖြစ်သူ မင်းသားကြီး (ခ) အောင်ဆန်းဦးပါ နှစ်ဦးကို မနေ့ နေ့လယ်ပိုင်းက ရန်ကုန်-မန္တလေးအမြန်းလမ်း၊ နေပြည်တော်အဝင်အထွက်ဂိတ်အနီးမှာ ဖမ်းဆီးမိပြီး စစ်ဆေးနေတာဖြစ်ပါတယ်။
“လောလောဆည်စိစစ်နေတယ်၊ စစ်ဆေးဆောင်ရွက်နေတာပေါ့။ နှစ်ဦးပါ” လို့ ဒက္ခိဏသီရိမြို့နယ် ပေါက်တောရဲစခန်းမှူးက ပြောပါတယ်။
အစီအစဉ်အရ တိုင်းပြုပြည်ပြု လူထုတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ဇေယျာသီရိမြို့နယ်၊ သပြေပင်ရွာထိပ်မှာ ပြုလုပ်မှာဖြစ်ပြီး တိုင်းပြုပြည်ပြု အထိမ်းအမှတ်ကျောက်တိုင်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရှေ့မှာ စိုက်ထူမယ်လို့ သိရပါတယ်။