၂၀၂၀ ပြည့်နှစ်အတွင်း ကျပ်၁၃၀၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
DVB
·
January 22, 2021

တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း ငွေကျပ် ၁၃၀၅ ဒသမ ၂၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိခဲ့ပြီး တရားမဝင် ဝင်ရောက်လာသူ ၇၁၅ ဦးကို ဖော်ထုတ်တားဆီးနိုင်ခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီ ၂၁ ရက်မှာ သတင်းထုတ်ပါတယ်။
၂၀၂၀ ပြည်နှစ်က ရှမ်းပြည်နယ်အတွင်းမှာ ဘိန်းဖြူ ၉၃၀ ကီလိုကျော်၊ ဘိန်းစိမ်း ၂၄၀၀ ကီလိုကျော်၊ ဘိန်းမဲ ၃ ကီလိုကျော်၊ ဆေးခြောက် ၃၅၀ ကီလိုကျော်၊ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၂၅၀၀ ကျော်၊ အိုက်စ် ၁၁၀၀ ကီလိုကျော်နဲ့ တခြားဆက်စပ်ပစ္စည်း ၄၇၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၈၇၄ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေဖမ်းမိတယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းမှာ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၁၄၀ ကျော်၊ အိုက်စ် ၁၆၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၁၄၄ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမိပြီး ရခိုင်ပြည်နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂ သိန်းကျော်၊ အိုက်စ် ၁၃၀၀ ကီလို ကျော်၊ စုစုပေါင်း ငွေကျပ် ၇၆ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ဘိန်းဖြူ ၅၀၀ ကီလိုကျော်၊ ဘိန်းစိမ်း ၁၈၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်းကျော်၊ အိုက်စ် ၂၃၀၀ ကီလိုကျော်၊ အခြား ဆက်စပ်ပစ္စည်းတွေ ၂၂၀၀၀ ကီလိုကျော်၊ စုစုပေါင်း ငွေကျပ် ၂၁၀ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေဖမ်းမိခဲ့တယ်လို့လည်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။
၂၀၂၀ ပြည့်နှစ်အတွင်းဘိန်းခင်း ၉၄၅၆ ဧက ကျော်ကို ဖျက်ဆီးနိုင်ခဲ့ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို စစ်ဆင်ရေးတစ်ရပ် သဖွယ် ဆက်လက်ဆောင်ရွက် နေတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်အတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို ဖော်ထုတ်ဖမ်းဆီးရာမှာ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူ ၁၀၄ ဦး၊ ရန်ကုန်အတွင်း ၁၁၁ ဦး၊ ဧရာ၀တီတိုင်းအတွင်း ၁၄၄ ဦး၊ မကွေးတိုင်းအတွင်း ၂၀၈ ဦး၊ တခြားဒေသတွေက ၁၄၈ ဦး၊ စုစုပေါင်း တရားမဝင် ဝင်ရောက်လာသူ ၇၁၅ ဦးကို ဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့တယ်လို့ တပ်မတော်သတင်းအရ သိရပါတယ်။
အဆိုပါ တရားမဝင် ဝင်ရောက်လာသူတွေကို နေရပ်သို့ ပြန်လည် ပို့ဆောင်ခဲ့သလို လူမှောင်ခိုသယ်ဆောင်သူတွေကို တရားဥပဒေအရ ထိရောက်စွာ အရေးယူ နိုင်ဖို့ သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးသို့ အပ်နှံခဲ့တယ်လို့လည်း တပ်မတော်သတင်းမှာဖော်ပြပါတယ်။
Photo-DSINFO