A d v e r t i s e m e n t With Us

မြစ်ကြီးနားတွင် တစ်ရှူးငှက်ပျောစိုက်ခင်းက စွန့်ပစ်ပစ္စည်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်မှာ တစ်ရှူးငှက်ပျော စိုက်ခင်းတွေက စွန့်ပစ် ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိနေပါတယ်။ တစ်ရှူးငှက်ပျော စိုက်ခင်းတွေမှာ ငှက်ပျောခိုင် အကာအကွယ်စွပ်ရတဲ့ ဖော့အိတ်တွေနဲ့ ကျွတ်ကျွတ်အိတ်တွေကို  အဆင်ပြေသလိုသာ စွန့်ပစ်နေပြီး အနံ့အသက်ဆိုးရွားကာ တခြား သီးနှံပင်တွေ စိုက်ပျိုးမရဘဲ သဘာဝပတ်ဝန်းကျင်ထိခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တာလောကြီးကျေးရွာ တစ်ရှူးငှက်ပျောခြံအနီး နေထိုင်သူ ဦးတင်ဝင်းက  "စွန့်ပစ်ပစ္စည်းတွေ ကြောင့် အနံ့အသက် ဆိုးဝါးတာတွေရှိတယ်၊ ဖော့အိတ်နဲ့ ကျွပ်ကျွပ်အိတ်တွေကိုလည်း ကြုံသလို စွန့်ပစ်ရတယ်။ ဖော့အိတ်တွေရှိနေတော့ တခြား အပင်လည်းထပ်စိုက်လို့ မရတော့ဘူး။ ကုမ္ပဏီ အနေနဲ့ကလည်း လုပ်ခဲ့တဲ့တလျှောက်လုံး စွန့်ပစ်ပစ္စည်းတွေကို ဘာမှ သိမ်းဆည်းပေးတာတွေ မရှိဘူး။ စွန့်ပစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်  ဘယ်အဖွဲ့အစည်းကမှလည်း ဘယ်လို ထိန်းသိမ်းစွန့်ပစ်ရမယ်ဆိုတာ ပြောဆိုထားတာ မရှိဘူး"လို့ ပြောပါတယ်။ တစ်ရှူးငှက်ပျောခိုင်တွေကို  နေရောင်ဒဏ်ကာကွယ်ဖို့နဲ့  အရောင်အသွေးလှပဖို့ ဖော့အိတ်နဲ့ ကျွပ်ကျွပ်အိတ်စွပ်လေ့ရှိပြီး ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ ဖော့အိတ်စက်ရုံ တည်ဆောက်ကာ တစ်ရှူးငှက်ပျောခြံတွေကို ဖြန့်ဖြူးနေပါတယ်။ မြစ်ကြီးနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း က “စွန့်ပစ်ပစ္စည်း ဖော့အိတ်တွေကို စနစ်တကျ စွန့်ပစ်ဖို့ သက်ဆိုင်ရာကျေးရွာက အုပ်ချုပ်ရေးမှူး တွေကိုမှာ ထားပြီးဖြစ်တယ်။ ပိုင်ရှင်အစစ်တွေက တရုတ်ပြည်မှာ ဒီမှာက မန်နေဂျာလောက်ပဲ ထားတယ် ဒီကိစ္စနဲ့ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ကချင်ပြည်နယ် သီးနှံ ထုတ်လုပ်ရေး ဥက္ကဋ္ဌကိုလည်း အသိပေးပြောထားပြီးဖြစ်တယ်။ ဒါကိုမှ လိုက်နာမှုမရှိရင်တော့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြမှာ ဖြစ်တယ်လို့ အသိပေးထားပြီးဖြစ်ပါတယ်"လို့  ပြောပါတယ်။ တစ်ရှူးငှက်ပျောကို ၂၀၁၇ ခုနှစ်မှ စတင်ပြီး မြစ်ကြီးနားမြို့နယ်မှာ စတင်စိုက်ပျိုးခဲ့ပြီး ဧက ၁၀၀၀၀ ကျော် စိုက်ပျိုးနေတယ်လို့ မြစ်ကြီးနား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာရင်းတွေ  အရသိရပါတယ်။ သတင်း - ထူးထူး (ဗိုလ်ကလေး)

A d v e r t i s e m e n t With Us

More News
Up