Home
မြန်မာသတင်း
ဝိတိုရိယတောင် (ခေါ်) နတ်မတောင်တက် လမ်းကြောင်းအသစ် ဖောက်လုပ်မည်
DVB
·
January 22, 2021
141547282_425058612144132_2726551754114576550_n
140305226_425058802144113_456384270976244605_n
140010308_425058525477474_3040035613828463226_n
139627895_425058722144121_5703930196681123484_n
ပြည်တွင်းပြည်ပခရီးသွားတွေ လာရောက်လည်ပတ်မှုများပြားတဲ့ ချင်းပြည်နယ် ကန်ပလက်မြို့နယ်မှာရှိတဲ့ ဝိတိုရိယတောင် (ခေါ်) နတ်မတောင်ကို တောင်တက်ဝါသနာရှင်တွေ အတွက် ရည်ရွယ်ပြီး ခြေလျှင်တောင်တက်လမ်းကြောင်းအသစ်ကို ဖောက်လုပ်သွားမယ်လို့ သိရပါတယ်။ တောတွင်းတောင်တက်လမ်းကြောင်းအသစ် ဖော်ဆောင်ဖို့ လုပ်ငန်းတွေကို ဒီလနောက်ဆုံးအပတ် စတင်မှာဖြစ်ပြီး ကန်ပလက်မြို့နယ်ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) က ဦးစီး ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။ (DMO)  အတွင်းရေးမှူး ဦးလိန်းမောင်းရှိန်းက "ကျနော်တို့ အနေနဲ့ ၂၀၂၀ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း Trekking လမ်းကြောင်းသစ်ရှာဖွေမှုကို ၆ ကြိမ်လောက်ပြုလုပ်ခဲ့တယ်။ အဓိက ကတော့ တောတွင်းကနေ သွားလာမှုနှစ်သက်တဲ့ တောင်တက်သမားတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ တောတွင်းက သွားလာတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို အသေးစိတ်လေ့လာနိုင်မယ်။ ရှားပါးငှက်တွေကိုလည်း လေ့လာနိုင်မှာဖြစ်သလို ရှားပါးသစ်ခွမျိုးစိတ်တွေ၊ နောက်ပြီး တခြား ရှားပါးအပင်တွေကိုလဲ လေ့လာနိုင်မှာ ဖြစ်ပါတယ်။" လို့ ပြောပါတယ်။ အခုဖောက်လုပ်တဲ့ လမ်းကြောင်းအသစ်ဟာ ဝိတိုရိယတောင်ရဲ့ ၁၀ မိုင် ၁ ဖာလုံရှိတဲ့ တောင်ခြေကင်းထောက်စခန်းမှ ၄ မိုင် ၂ ဖာလုံရှိတဲ့ တောတွင်း Trekking လမ်းကြောင်း ဖြစ်ပါတယ်။ အဲ့ဒီလမ်းကြောင်းတလျှောက်မှာတော့ လမ်းညွှန်ဆိုင်းဘုတ်တွေ၊ မှတ်တိုင်တွေနဲ့ နားနေဆောင် ၃ ခုကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် တောင်တက် Trekking လမ်းကြောင်းဖော်ဆောင်မှုကို နတ်မတောင်အမျိုးသားဥယျာဉ် ရန်ပုံငွေ ထဲက ကျပ်  သိန်း ၈၀ အကုန်ကျခံ ဖော်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဝိတိုရိယတောင်(ခေါ်) နတ်မတောင်မှာ ပြည်တွင်းပြည်ပမှ နှစ်စဉ် ခရီးသွားလည်ပတ်သူ များပြားပေမဲ့ အခုချိန်မှာတော့ ကိုဗစ်ကာလဖြစ်တဲ့အတွက် သွားလာရေးခရီးလမ်းကြောင်းကို ပိတ်ပင်ထားပါတယ်။ ဝိတိုရိယတောင် (ခေါ်) နတ်မတောင်အမျိုးသားဥယာဉ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၅၀၀ မြင့်ပြီး မြန်မာနိုင်ငံမှာ တတိယအမြင့်ဆုံးတောင်လည်း ဖြစ်သလို သတ်မှတ်ဧရိယာ ၁၇၆၂၀၂ ဧက ကျယ်ဝန်းတယ်လို့ သိရပါတယ်။ သတင်း - ရန်နိုင်စိုး၊ ဓာတ်ပုံ - လိန်းမောင်းရှိန်း (DMO) အတွင်းရေးမှူး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024