Home
မြန်မာသတင်း
‘ဝ’ အထူးဒေသ၌ ပိတ်မိနေသည့် စက်ရုံလုပ်သားများကို အစိုးရအစီအစဉ်ဖြင့် နေရပ်ပြန်ပို့
DVB
·
January 20, 2021
‘ဝ’ အထူးဒေသမှာ ပိတ်မိနေတဲ့ မြန်မာစက်ရုံလုပ်သား ၁၅၀ ကျော်ကို ဇန်နဝါရီ ၁၇ ရက်ကစပြီး အစိုးရအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေပြီလို့ ကျိုင်းတုံခရိုင် အုပ်ချုပ်​ရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။  ပိတ်မိနေတဲ့ မြန်မာစက်ရုံလုပ်သားတွေဟာ ဒီကနေ့မှာတော့ နေရပ်အသီးသီးကို ပြန်လည် ရောက်ရှိပြီး သက်ဆိုင်ရာ ကွာရန်တင်းစင်တာတွေကို ရောက်ရှိနေကြပြီလို့ စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။ အဆိုပါမြန်မာလုပ်သားတွေဟာ ဇန်နဝါရီ ၁၄ ရက်က မိုင်းယန်းမြို့နယ်ရှိ  တရုတ်နိုင်ငံသားပိုင် ကျင်းဟွာ ဆေးလိပ် ကုမ္ပဏီပိုင်ကားနဲ့ မိုင်းယန်း - မိုင်းခတ် ကားလမ်းဘေး၊ ထန်မွန်ကျေးရွာအနီးမှာ ကြံခင်းနဲ့ ကိုင်းတောနားမှာ  လာရောက်ပို့ဆောင် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ပြန်ပို့ခံရတဲ့ မြန်မာ စက်ရုံလုပ်သားတွေဟာ မိုင်းခတ်မရောက်ခင် ကြံခင်းမှာ ရွာတွင်းအဝင်မခံလို့ ပိတ်မိနေပြီး နေရပ်ကိုလည်း မပြန်နိုင်ဘဲ ရိက္ခာပြတ်လပ်ကာ အခက်အခဲ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ ကျိုင်းတုံခရိုင် အုပ်ချုပ်​ရေးမှူး ဦးဝင်းမင်းသိန်းက "သူတို့က အထူးဒေသ ၂ နဲ့ အထူး ၄ ကို ​ရောက်​နေတာ။ ကျနော်တို့ဘက်မှာ မဟုတ်ဘူး။ သတင်း​တွေက အမှား​တွေတက်ပြီး​တော့ ကျနော်တို့ဘက်က ပိတ်ထားတယ် ဆိုပြီး ဖြစ်​နေတာ။ ကျနော်တို့ဘက်ကို မ​ရောက်​တော့ ​ခေါ်လို့ လည်းမရ။ ပြန်ပို့လို့လည်း မရဖြစ်​နေတာ။ ပြီး​တော့ အဲဘက်က သူတို့က ပိတ်ထားတာ အ​သေ ပိတ်ထားတာ။ သူတို့ တပ်​တွေနဲ့ ပိတ်ထားတာ။ ဗမာပြည်က ကျနော်တို့ ဒီက အဖွဲ့​တွေ မဟုတ်ဘူး။ ​ထွေအုပ်တို့ ရဲတို့ မဟုတ်ဘူး။ မှားပြီး​တော့။ ​ပြောတဲ့သူ​တွေက အဲနားက လူ​တွေ မဟုတ်ဘူးနဲ့ တူပါတယ်။ နယ်ခံမဟုတ်​တော့ စကားမ​ပေါက်တာ​ကြောင့် သတင်းမှားနေတယ် "လို့ ရှင်းပြပါတယ်။ ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအ​နေနဲ့ ကျင်းဟွာဆေးလိပ်စက်ရုံ အလုပ်သမားတွေကို တစ်ရက်စာ အစားအ​သောက် စီစဉ်ပေးပြီး တောင်ကြီးမြို့ကနေတဆင့် ကိုဗစ်စည်းကမ်းနဲ့အညီ  နေရပ်ကို ပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။ ကျိုင်းတုံခရိုင် အုပ်ချုပ်​ရေးမှူး ဦးဝင်းမင်းသိန်းက "မိုင်းယန်းက​နေ ကျိုင်းတုံ၊ ကျိုးတုံက​နေ မိုင်းပျင်း၊ မိုင်းပျင်းက​နေ ​တောင်ကြီး​ပေါ့။ အဲလို ပို့မှာ။ တစ်ခါထဲပဲ ပိုမှာ ဒါ​ပေမဲ့။ စားဖို့ ​သောက်ဖို့ က​တော့ ကျနော်တို့ လမ်းမှာ ​တောက်​လျှောက် စီစဉ်ပေးထားတယ်။ ​တောင်ကြီး​ရောက်ရင်​တော့ ​တောင်ကြီး ဘက်က စီစဉ်မှာ​ပေါ့။ အဲဒီကလည်း လာကြိုမယ်​ပြောတယ် သူတို့ဘက်က ကား​တွေ။" လို့ ပြောပါတယ်။ မြန်မာလုပ်သားတွေကို  မိုင်းယန်းမြို့နေ ဒေါ်သီတာနဲ့ အဖွဲ့၊ အထူးဒေသ(၄)နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က လာရောက် ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ ပိတ်မိ​နေသူတွေက   ​ပြောပါတယ်။ သူတို့ကို တရားမဝင်လမ်းကနေ လိုက်ပို့တာဖြစ်တယ်လို့လည်း ပိတ်မိနေသူတဦးဖြစ်တဲ့ မန္တလေးတိုင်းက ကိုဖြိုးသူဝင်းက ပြောပါတယ်။ ပိတ်မိ​နေသူ အလုပ်သမား အများစုဟာ နတ်မောက်၊ မန္တလေး၊ မိုးကုတ်နဲ့ ကျောက်မဲမြို့နယ်တို့က ဖြစ်ကြပြီး ကိုယ်ဝန်​ဆောင် အမျိုးသမီး ၅ ယောက် အပါအဝင် အမျိုးသမီး ၆၁ ယောက်နဲ့ ၊ အမျိုးသား အယောက်  ၉၀ ၊ စုစု​ပေါင်း ၁၅၁ ယောက်  ဖြစ်ပါတယ်။   သတင်း - Pra Jaw၊ ဓာတ်ပုံ - ဦးဝင်းမင်းသိန်း၊ ကိုဖြိုးကိုကို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024